မကွေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်နီအဓိကစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ် သည့် ပခုက္ကူ၊ ဆိပ်ဖြူ။ ရေနံချောင်း၊ တောင်တွင်းကြီး၊ မြို့သစ်နှင့် မင်းဘူးမြို့နယ်များတွင် ကြက်သွန်နီများစိုက်ပျိုးကြပြီး ပခုက္ကူနှင့်ဆိပ်ဖြူဒေသထွက် ကြက်သွန်နီတို့မှာ လူကြိုက်များပြီး အရောင်းအဝယ်လည်း သွက်လျက်ရှိပါသည်။ ကြက်သွန်နီသည် စားဖိုဆောင်သုံး သီးနှံတစ်ခုဖြစ် သည့်အတွက် အရောင်းအဝယ်ပုံမှန်ဖြစ်နေသည့် သီးနှံတစ်ခုဖြစ်ပါသည်။ ပြည်တွင်းစားသုံးမှုများပြီး ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျှက်ရှိနေပါသည်။ တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ကြက်သွန်နီ ခြောက်အပြင် ကြက်သွန်နီကြော်ကိုလည်း ထုပ်ပိုး၍ရောင်းချနေကြောင်း သိရှိရသည်။
ယခုရက်ပိုင်းတွင် ဈေးကွက်ထဲသို့ အများအပြားဝင်ရောက်လာသည့်အတွက် ကြက်သွန်နီ ဈေးများကျဆင်းလာသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရသည်။ မေလဆန်းပိုင်းတွင် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်စတစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၇၀၀)ဈေးအထိရရှိခဲ့ပြီး ယခုရက်ပိုင်းတွင် ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၃၅၀)၊ လတ်စတစ်ပိဿာလျှင်ကျပ်(၉၅၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၅၀၀)ဈေး အထိ ဈေးကျဆင်းလာပြီး တစ်ရက်လျှင် ခန့်မှန်းပိဿာချိန် ၁၀၀၀၀၀ ကျော်အထိ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး