ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဒေသထွက်မျှင်ငါးပိများ ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် ဒေသထွက်မျှင်ငါးပိများကို မေလ ဒုတိယပတ်မှ မေလ ၂၆ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသထွက် မျှင်ငါးပိများ တစ်ရက်လျှင် ပိဿာချိန် ၅၀၀၀ မှ ၇၀၀၀ ထိ ရောင်းချနေရကြောင်း သိရသည်။ “လက်ရှိမျှင်ငါးပိတွေက ဒေသတွင်းမှာကို အရောင်းအဝယ်ကောင်းနေတာပါ။ မျှင်ငါးပိ ၁၀ ပိဿာကို ငွေကျပ် ၂၅၅၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ဒေသထွက်မျှင်ငါးပိတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကလဲ ဝယ်ယူမှု အားကောင်းနေလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ဒီဘက်က မျှင်ငါးပိအရောင်းအဝယ်သမားတွေက ဒေသထွက်မျှင်ငါးပိတွေကို မှာယူတဲ့ဒေသထိ အရောက်ပို့ပေးပါတယ်။ ဒေသထွက်မျှင်ငါးပိတွေကို အရောင်းအဝယ်လုပ်ရတော့ အခက်အခဲမရှိပါဘူး” ဟု လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ လပွတ္တာမြို့နယ်တွင် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်မျှင်ငါးပိများကို အခြားဒေသများသို့ စနစ်တကျထုပ်ပိုးတင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ မျှင်ငါးပိများ၊ အရောင်းအဝယ်ကောင်းလာသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ အဆင်ပြေကြကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ