International News

ဂျုံတင်သွင်းမှု ပိတ်ပင်ထားသည့် တူရကီနိုင်ငံ

Last Updated:

အထွက်နှုန်း ကျဆင်းမှုအပေါ် ရိုက်ခတ်မှုများနှင့် ဈေးနှုန်းကျဆင်းမှုများကြောင့် လယ်သမားများကို ကာကွယ်ရန်၊ ပို့ကုန်အတွက် ကုန်ကြမ်းလိုအပ်ချက်ကို ပြည့်မှီစေရန်နှင့် ဈေးကွက်တည်ငြိမ်မှုရှိရန် တူရကီနိုင်ငံသည် ဂျုံတင်သွင်းမှုကို ယခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ အောက်တိုဘာလလယ် အထိ ရပ်တန့်ထားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့ဂျုံအများဆုံးတင်သွင်းသည့်နိုင်ငံမှ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်၏ ရှိရင်းစွဲဈေးနှုန်းမတည်ငြိမ်မှုသည် ပိုမိုအတက်အကျများမည်ဖြစ်ပြီး တူရကီသို့ ဂျုံအများဆုံး တင်သွင်းသည့် ရုရှားနိုင်ငံအပေါ် အကျိုးသက်ရောက်မှု များမည်ဖြစ်ပါသည်။ ကမ္ဘာ့ဂျုံ အများဆုံးတင်ပို့သူဖြစ်သည့် ရုရှားနိုင်ငံသည် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ထုတ်လုပ်မှုနှင့်တင်ပို့မှု အနည်းငယ်ကျဆင်းမည်ဟု ခန့်မှန်းချက်များကြောင့် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဂျုံဈေး တက်သွားခဲ့ပါသည်။ သို့သော် တူရကီက ဂျုံတင်သွင်းမှုကို တားမြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ချီကာကို ဂျုံစတော့ ဈေးသည် ၇.၅ % ကျဆင်းခဲ့ကာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစ၍ အပတ်စဉ်ပေါက်ဈေးတွင် အနိမ့်ဆုံးဖြစ်ခဲ့ပါသည်။

တူရကီတွင် ဂျုံ စတင်ရိတ်သိမ်းနေပြီဖြစ်သောကြောင့် တူရကီစာရင်းအင်းတက္ကသိုလ်၏ ခန့်မှန်းချက် အရ ၂၀၂၄ ခုနှစ်အတွင်း ဂျုံထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်ကထက် ၄.၅ % ကျဆင်းကာ တန်သန်း ပေါင်း  ၂၁ သန်း ထွက်ရှိမည်ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံစုစုပေါင်း၏ တစ်နှစ်ပတ်လုံးထုတ်လုပ်မှုမှာ  ၅.၄ % ကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကတည်းက ပိတ်ပင်ထားသည့် ပြည်တွင်းထုတ်ဂျုံမှ ထုတ်လုပ်သည့် ဂျုံမှုန့် တင်ပို့မှုကိုမူ ခွင့်ပြုမည်ဖြစ်ကြောင်း တူရကီလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက သိရှိရပါသည်။ ကမ္ဘာ့ဂျုံမှုန် အများဆုံးတင်ပို့သူအဖြစ် နှစ်ပေါင်းကြာရှည် ရပ်တည်ခဲ့သော တူရကီသည် ပုံမှန်အားဖြင့် သွင်းကုန်ဂျုံမှ ထုတ်လုပ်သည့် ဂျုံမှုန့်ကို တင်ပို့သူဖြစ်ကြောင်း တူရကီမှသတင်းများကို အခြေခံ၍ world-grain.com သတင်းဌာနက ဖော်ပြထားသည်ကို တင်ပြအပ်ပါသည်။

Source: https://www.world-grain.com/

Source: ကုန်သွယ်ရေးဦးစီးဌာနI WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News