Local News

မြန်အောင်ခရိုင်၊ အင်ပင်မြို့၊ ထူကျေးရွာအုပ်စုရှိ ဖြစ်ထွန်းအောင်မြင်နေသောကွမ်းသီးပင်စိုက်ပျိုးခြင်း

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ထူကျေးရွာအုပ်စုရှိ ထူးအင်းသည် မြန်မာနိုင်ငံ၏တတိယအကြီးဆုံး သစ်ဆွေးမြေ(Peat Land) ဖြစ်ပါသည်။ ၎င်းပတ်ဝန်းကျင်ရှိ ဥယျာဉ်ခြံမြေများတွင် စိမ့်စမ်းရေများရှိသဖြင့် နှစ်ရှည်ပင်များစိုက်ပျိုးဖြစ်ထွန်းပြီး ကွမ်းသီး၊ မင်းဂွတ်၊ ကြက်မောက်၊ အုန်းပင်များစိုက်ပျိုးဖြစ်ထွန်းပါသည်။ အဆိုပါ ထူကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာတွင် ကွမ်းသီးပင်များ စိုက်ပျိုးဖြစ်ထွန်းနေသော တောင်သူဦးလှိုင်မြင့်၏ ကွမ်းသီးခြံသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံက သွားရောက်တွေ့ဆုံ၍ ကွမ်းသီးပင်များ စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများကို ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

ဦးလှိုင်မြင့်အနေဖြင့် ကွမ်းသီးစိုက်ဧက (၃) ဧကစိုက်ပျိုးထားရှိပြီး (၁၉၈၀) ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ကြောင်း၊ ကွမ်းသီးပင်သည် အပင်သက်တမ်း နှစ်(၇၀-၉၀)ခန့်ထိသက်တမ်းရှိပြီး အပင်သက် ၅ နှစ် ခန့်မှစ၍ ပန်းခိုင်ထွက်ရှိပြီး အသီးစတင်သီးကြောင်း၊ ကွမ်းသီးပင်သည် ရေကြိုက်ပြီး ရေဝပ်ခြင်းကိုတော့မနှစ်သက်ကြောင်း၊ ကွမ်းသီးပင်ကို ပင်ကြား(၆)ပေနှင့် တန်းကြား ၈ ပေခန့်ခြား၍ စိုက်ပျိုးကြကြောင်း၊ ယခုအခါ ကွမ်းသီးစိုက်ပျိုးရန် တစ်ဧက ကုန်ကျစရိတ်မှာ တစ်ဧက အပင် (၃၀၀) စိုက်ပျိုးရန်အတွက် (ပျိုးပင်၊ မြေပြင်ခ၊ စိုက်ပျိုးခ၊နွားချေး) စသည်တို့အတွက် ၇ သိန်းခန့် ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးချိန်တွင်သာ စိုက်စရိတ်ကုန်ကျပြီး နောက်နှစ်များတွင် မြေဆွေးဖိုးနှင့် ပေါင်းရှင်းခ သာကုန်ကျကြောင်း၊ တစ်နှစ်လျှင် နှစ်ကြိမ် ခူးဆွတ်ရပြီးတစ်ပင်လျှင် တစ်နှစ်ပျမ်းမျှ ကွမ်းသီးအလုံး(၅၀၀) ခန့်ရရှိကြောင်း၊ ခူးဆွတ်ခအနေဖြင့် တစ်လုံးပျမ်းမျှ (၁၂ ) ကျပ် ပေးရပြီး၊ တစ်လုံးရောင်း ဈေးမှာအထိုင်ဈေး (၈၀) ကျပ်ဖြစ်ကြောင်း၊ နှစ်စဉ် တစ်ဧက ပျမ်းမျှ ကွမ်းသီးလုံးရေ (၁၂၅၀၀၀) ခန့်ရရှိပြီး နှစ်စဉ်ပျမ်းမျှဝင်ငွေ သိန်းတစ်ရာကျပ်ခန့်ရရှိလျက်ရှိကြောင်း၊ အထူးတလည်ပြုပြင် ဂရုစိုက်စရာ မလိုအဘဲ နှစ်စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိသည့်အတွက် ကွမ်းသီးပင်ကို ပဒေသာပင်ဟု ခေါ်ဆိုကြကြောင်း ဦးလှိုင်မြင့် ကပြောကြားပါသည်။

သို့ဖြစ်ပါ၍ ကျေးလက်နေ တောင်သူများအနေဖြင့် ကွမ်းသီးပင်ကဲ့သို့သော နှစ်ရှည်ပင်များကို မိမိတို့၏ ခြံကွက်များအတွင်း တနိုင်တပိုင် စိုက်ပျိုးကြခြင်းဖြင့် နှစ်စဉ်ပုံမှန်ဝင်ငွေရရှိနိုင်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News