International News

ဂျုံလုံလောက်မှုရှိပြီး သွင်းကုန်အခွန်နှုန်းထား ပြောင်းလဲရန်မရှိဟု အိန္ဒိယအစိုးရပြောဆို

Last Updated:

အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် လိုအပ်ပါက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဂျုံပမာဏ လုံလောက်မှုရှိပြီး လက်ရှိစည်းကြပ်လျက်ရှိသော ဂျုံတင်သွင်းမှု သွင်းကုန်အခွန်နှုန်းထားကို ပြောင်းလဲမည့် အစီအစဉ်မရှိကြောင်း အစိုးရက ၁၃-၆-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာနလက်အောက်ရှိ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဦးစီးဌာနသည် ဂျုံဈေးနှုန်းကို အနီးကပ်စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်းနှင့် မရိုးဖြောင့်သော ဂျုံသိုလှောင် ဈေးကစားမှုများမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အစိုးရကအာမခံထားသည့်အတိုင်း သင့်လျော်သောဝင်ရောက် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၂ဝ၂၄ ဆောင်းသီးနှံဈေးကွက်ရာသီအတွင်း ဂျုံတန်ချိန် ၁၁၂ သန်း ထုတ်လုပ်နိုင်ခဲ့သည်ဟု စားနပ်ရိက္ခာနှင့်ပြည်သူ့ဖြန့်ဖြူးရေးဦးစီးဌာနက အစီရင်ခံတင်ပြထားသည်။ နိုင်ငံပိုင် စားနပ်ရိက္ခာ ကော်ပိုရေးရှင်း (FCI) သည် ဇွန်လ ၁၁ ရက်နေ့အထိ ဂျုံတန်ချိန် ၂၆.၆ သန်းကို ဝယ်ယူထားပြီးဖြစ် သည်။ ၎င်းအရန်ရိက္ခာပမာဏသည် ပြည်သူသို့ရောင်းချဖြန့်ဖြူးသည့်စနစ်နှင့် အခြား သက်သာ ချောင်ချိရေး အစီအစဉ်များအတွက် လိုအပ်ချက်ကို ပြည့်မီသည့်အပြင် လိုအပ်ပါက အစိုးရက ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်မှုများကို ပြုလုပ်နိုင်ရေးအတွက် ဂျုံတန်ချိန် ၁၈.၄ သန်းခန့် အား သုံးစွဲနိုင်မှုရှိကြောင်း အဆိုပါဌာနက ဖော်ပြပါသည်။

၂ဝ၂၄ ခုနှစ်အတွင်း သုံးလပတ်အလိုက် အရန်ရိက္ခာ ဂျုံသိုလှောင်မှု ပမာဏမှာ ကွဲပြားလျက်ရှိပြီး ၁-၁-၂၀၂၄ ရက်နေ့တွင် စံသတ်မှတ်ထားသော ပမာဏဖြစ်သည့် တန်ချိန် ၁၃.၈ သန်းကို ကျော်လွန်၍ တန်ချိန် ၁၆.၃၅ သန်းအထိ အရန်ထားရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Business Standard, 13 June, 2024

Source: https://www.doca.gov.mm

Category: International News