International News

ဇွန်လနောက်ပိုင်း၌ စားအုန်းဆီဈေးနှုန်း မြင့်တက်လာရန် မလေးရှားစားအုန်းဆီကောင်စီ မျှော်မှန်း

Last Updated:

မလေးရှားနိုင်ငံ၌ စားအုန်းဆီ ထုတ်လုပ်မှုနှေးကွေးခြင်းနှင့် ပြည်ပတင်ပို့မှုမြင့်တက်ခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်းသည် ဇွန်လမှစတင်၍ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) က ၁၄-၆-၂၀၂၄ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ စားအုန်းဆီ ထုတ်လုပ်မှု လျော့ကျလာနိုင်ပြီး တင်ပို့ရောင်းချမှု မြင့်တက်လာမှုအရ တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၉၀၀ ဖြင့် ဇွန်လအတွင်းဖြစ်ပေါ်သော စျေးနှုန်းများအား တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် လာမည့်ကာလများအတွင်း ဆီထွက်သီးနှံများ မျှော်မှန်းထားသည်ထက် အထွက်ပိုလျှံမှုဖြစ်ပေါ်နိုင်ခြင်း ကြောင့် စားအုန်းဆီ တစ်တန်လျှင် ရင်းဂစ် ၄၁၅၀ အထိသာ မြင့်တက်နိုင်ဖွယ်ရှိကြောင်း MPOC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဆီထွက်သီးနှံထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ စျေးကွက်ဝင်နှစ်အတွက် ၄% ခန့် တိုးတက်လာဖွယ်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဆီထွက်သီးနှံ သိုလှောင်မှုကို ၆% မြင့်တက်စေလျက် ဆယ်စုနှစ် တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိနိုင်ကြောင်း၊ သို့ဖြစ်ရာ ဆီထွက်သီးနှံများ ရောင်းလိုအားသည် ဆက်လက်၍ပိုလျှံမှုရှိမည်ဟု ခန့်မှန်းရကြောင်းဖြင့် အမေရိကန်စိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်များကို ကိုးကားလျက် MPOC က ပြောကြားထားသည်။

နှုတ်ခမ်းနီ ထုတ်လုပ်ခြင်းမှသည် ဒီဇယ်ထုတ်လုပ်သည်အထိ ကဏ္ဍစုံ၌ အသုံးပြုသည့် စားအုန်းဆီ၏ ဈေးနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၆% ခန့်အထိ မြင့်တက်ခဲ့ကြောင်း၊ အဓိကထုတ်လုပ် သည့် နိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် အထွက်နှုန်းနှင့် ရောင်းလိုအားတင်းကျပ်လာခြင်းအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက်၌ ဩဂုတ်လအတွင်း တင်ပို့မည့် စားအုန်းဆီ အရောင်းအဝယ်စာချုပ်တွင် တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၉၃၉ နှုန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  သို့သော် ဧပြီလ ၃ ရက်နေ့တွင် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော စားအုန်းဆီ တစ်တန်ဈေးနှုန်း မလေးရှားရင်းဂစ် ၄၄၀၇ နှင့်နှိုင်းယှဉ်ပါက  ၁၁% ခန့် ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

အင်ဒိုနီးရှားနိုင်ငံနောက်၌ ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုအနေဖြင့် ဇန်နဝါရီလမှ မေလအထိ ၉% ခန့် တိုးတက်လာပြီး တင်ပို့မှုအနေဖြင့်လည်း အဆိုပါကာလအတွင်း ၇% တိုးတက်လာကြောင်း၊ သို့သော် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇန်နဝါရီမှ မတ်လအထိ ကာလအတွင်း စားအုန်းဆီအထွက် ၅% ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိ ပါသည်။

မလေးရှားနိုင်ငံ၌ စားအုန်းဆီဈေးနှုန်းများသည် မေလတွင် ၄% ကျဆင်းခဲ့ပြီး ဥရောပ ဈေးကွက်၌ အခြားအဆင့်မြင့်စားသုံးဆီဈေးနှုန်းများ မြင့်တက်မှုဖြစ်ပေါ်ခဲ့ရာ မုန်ညင်းဆီ ဈေးနှုန်း သည် ၆%၊ နေကြာဆီသည် ၈% နှင့် ပဲပုပ်ဆီသည် ၇% ဈေးနှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် စားအုန်းဆီထက် ပရီမီယံစားသုံးဆီဈေးနှုန်းများသည် တစ်တန်လျှင်  အမေရိကန် ဒေါ်လာ ၄၀ (မလေးရှားရင်းဂစ် ၁၈၈.၅၆) မှ ၁၁၅ အမေရိကန်ဒေါ်လာသို့ မြင့်တက်လာပြီး စားအုန်းဆီတင်ပို့မှုဆက်လက် ပြန်လည်ဦးမော့လာစေရေး အထောက်အပံ့ဖြစ်လာစေသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) က ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 14 June 2024

Source: https://www.doca.gov.mm

Category: International News