Local News

အမာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးစည်ဖောင်းခြောက်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အမာမြို့နယ် ပင်လယ်ငါးခြောက်စုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ဌေးက ပြောပြသည်။

အမာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးစည်ဖောင်းခြောက်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်‌နေ့မှ ၃၁ ရက်နေ့ထိ ငါးစည်ဖောင်းခြောက် ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ပင်လယ်ငါးစည်ဖောင်းခြောက်များသည် ပင်လယ်ငါးများဖြစ်သော ငါးရွှေ၊ နတ်ကတော်၊ ငါးရောင်၊ ငါးပုတ်သင် စသည့်ငါးများမှ  ငါးစည်ဖောင်းများကို စနစ်တကျသန့်စင်နေလှန်း အခြောက်ခံပြီးမှရရှိခြင်းဖြစ်သည်။

“ဒီကနေ တင်ပို့‌ရောင်းချနတဲ့ ငါးစည်ဖောင်းခြောက်တွေကို ရန်ကုန်ဈေးကွက်က ဇူလိုင်လ ပထမပတ်မှစ၍ ဝယ်ယူအားကောင်းခဲ့ပါတယ်။ အမာမြို့နယ်ကနေ ငါးစည်ဖောင်းခြောက်တွေ အပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချတာဖြစ်ပါတယ်” ဟု အမာမြို့နယ် ပင်လယ်ငါးခြောက်စုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ဌေးက ပြောပြသည်။

အမာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တင်ပို့ရောင်းချခဲ့သည့် ငါးရွှေငါးစည်ဖောင်းခြောက်တစ်ပိဿာလျှင်‌ ငွေကျပ် ၂၂၀၀၀၊ နတ်ကတော် ငါးစည်ဖောင်းခြောက်တစ်ပိဿာလျှင် ငွေကျပ် ၉၈၀၀၀၊ ငါးရောင်း ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ မှ ၃၄၅၀၀၊ ငါးပုတ်သင် ငါးစည်ဖောင်းခြောက်တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်ထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News