Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း လယ်ကဏန်းပိဿာချိန် ၉၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း လယ်ကဏန်းပိဿာချိန် ၉၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်ဒေါ်တင်ထွေးက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း လယ်ကဏန်းပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း လယ်ကဏန်းပိဿာချိန် ၉၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါလယ်ကဏန်းများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်ကနေ လယ်ကဏန်းတွေအပါအဝင် ရေထွက်ကုန်ပစ္စည်းတွေ ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချနေပါတယ်။ ဇူလိုင်လအတွင်း ရန်ကုန်ဈေးကွက်ထဲကို လယ်ကဏန်းပိဿာချိန် ၉၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချနေတဲ့ ကဏန်းတွေက လယ်ကွင်းထဲကနေ ဖမ်းယူရရှိတာဖြစ်ပါတယ်။ လက်ရှိမှာလဲ ဒီဘက်ကနေ တင်ပို့ရောင်းချတဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ကဏန်းတွေအဝယ်လိုက်နေတာက ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေးကွက်ရှိလာတာကြောင့်လို့ သိရပါတယ်။ ကဏန်းတွေ ဝယ်ယူမှုအားကောင်းလာတော့ ရေလုပ်ငန်းရှင်တွေ အရောင်းအဝယ်လုပ်ငန်းပိုမိုကောင်းမွန်လာပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ လယ်ကဏန်းများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့် လယ်ကဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၈၅၀၀၀ ထိ ဈေးရရှိနေကြောင်း၊ အဆိုပါ ကဏန်းများဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ အဆင်ပြေလာကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News