Local News

ဘိုကလေးမြို့နယ်တွင် ဒေသထွက် ငါးရံ့ခြောက်များ ဈေးကောင်းရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် ‌‌ဒေသထွက် ငါးရံ့ခြောက်များ ဈေးကောင်းရရှိနေကြောင်း ဘိုကလေးမြို့နယ် ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုမြင့်က ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်တွင် ဒေသထွက် ငါးရံ့ခြောက်များကို ရန်ကုန်မြို့နှင့် အခြားဒေသများက ဝယ်ယူမှုကောင်းနေခြင်းကြောင့် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလက ငါးရံ့ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀၀ မှ ၄၂၀၀၀ ထိသာဈေးရှိခဲ့ပြီး လက်ရှိ အောက်တိုဘာလအတွင်း ငါးရံ့ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ မှ ၇၄၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ငါးခြောက်မျိုးစုံကို ရန်ကုန်နဲ့အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ လက်ရှိဒေသထွက် ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းနေတဲ့အပြင် ဈေးကောင်းပါရလာတယ်။ ဈေးကတော့ ငါးရံ့ခြောက် အကြီးအသေးအပေါ်မူတည်တာပါ။ ငါးရံ့ခြောက်အ‌သေးဆုံးက တစ်ပိဿာကို ငွေကျပ် ၂၅၀၀၀ နဲ့ အကြီးက ငွေကျပ် ၇၄၀၀၀ ထိ ဈေးပေါက်နေတာပါ။ လက်ရှိ အရောင်းအဝယ်ဖြစ်နေတဲ့ ငါးရံ့ခြောက်တွေကတော့ လက်ကျန် ငါးရံ့ခြောက်တွေပါ။ လာမဲ့နိုဝင်ဘာလကနေစတင်ပြီး ငါးရံ့ခြောက်အသစ်တွေ ထုတ်လုပ်တော့မှာပါ။ အခုလို ဈေးလဲကောင်းအရောင်းအဝယ်လဲ သွက်လက်လာတာကြောင့် ကုန်သည်တွေနဲ့ ငါးခြောက် သိုလှောင်ထားသူတွေအဆင်ပြေပါတယ်” ဟု ဘိုကလေးမြို့နယ် ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုမြင့်က ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးရံ့ခြောက်များကို ရန်ကုန်မြို့သို့ တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၁၀၀ မှ ၂၀၀ ထိ တင်ပို့ရောင်းချနေရကြာင်း၊ အဆိုပါ ဒေသထွက်ငါးရံ့ခြောက်များကို ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံစသည့် နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News