Local News

ပို့ကုန်မတ်ပဲစံချိန်တင်ဈေးမြင့်တက်လာသော်လည်း ပဲ၊နှမ်းဈေးကွက် တစ်ခုလုံးဈေးအေးနေ

Last Updated:

ပို့ကုန်မတ်ပဲစံချိန်တင်ပေါက်ဈေး ဖြစ်လာသော်လည်း ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျခပ်အေးအေးသာရှိနေ ကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ အထက်အညာနှမ်းများ၀င်ရောက် မှုများနေနှင့်တရုတ်ဝယ် လက်အဝယ်နည်းနေတာကြောင့် နှမ်း ဈေးကွက်ကျဆင်းနေခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၄ ရက်  နေ့က မတ်ပဲတစ်အိတ် ငွေကျပ် ၂၇၀၀၀၀ ကျော်ထိ စံချိန်တင် ပေါက်ဈေးဖြစ်ခဲ့ကြောင်း  အထက်အညာဒေသကနှမ်း အသစ်များ ဝင်ရောက်မှုလာသော်လည်း တရုတ်လိုင်းအဝယ် နည်းနေတာကြောင့် ဈေးကျဆင်းနေကြောင်း ဈေးကွက်ကို စောင့်ကြည့်ဝယ်ယူနေတာမျိုးဖြစ်ကြောင်း၊ မြေပဲဆန်ဈေးကွက်မှာလည်း ဈေးကျဆင်းမှု ရပ်တန့်သွားကြောင်းရွှေစင်သိန်း ပွဲရုံမှဦးကျော်သွင်ကပြောသည်။

"ပို့ကုန်မတ်ပဲဈေးကတော့ စံချိန်တင်ပေါက်ဈေးတစ်အိတ်  ငွေကျပ် ၂၇၃၀၀၀ ဖြစ်လာပါတယ်။ နှမ်းဈေးတွေကတော့ အညာနှမ်းနယ်စုံဝင်လာလို့ ဈေးကျဆင်းနေပါတယ်။ မြေပဲဆံလည်း ဈေးကျနေတာ ကနေရပ်သွားပါတယ်။ တရုတ်လိုင်းအဝယ်မရှိတာရယ်၊ အသစ်ဝင်ရောက်မှုများလာတာရယ် တွေရှိလို့လက်ရှိမှာ ဈေးကျဆင်းနေပါတယ်။ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးသုံးသပ်ရရင်ဈေး ခပ်အေးအေးသာရှိနေပါတယ်" ဟု  ၎င်း ကပြောသည်။

အောက်တိုဘာလ ၂၆ ရက်တွင်  သုံးတင်းဝင်မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ်၂၇၃၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ပေါက် ဈေးဖြစ်လာသော်လည်း ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင်  ငွေကျပ်  ၃၄၀၀၀၀ ထိ ဈေးကျ ဆင်းသွားသည်။ ပဲတီစိမ်း အညာ ၅၆ဒသမ ၂၅ ပိဿာ တစ်အိတ် လျှင်ငွေကျပ် ၁၆၅၀၀၀  ပေါက် ဈေးဖြစ်လာသည်။ ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး အောက်တိုဘာလ ၁၉ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ V7 တစ်အိတ် လျှင် ငွေကျပ်၂၈၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၄၀၀၀  ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၆၁၀၀ ပေါက်ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် သိသိသာသာ ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ်၂၈၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ်  ၃၂၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: https://t.me/htwettoe

 

Category: Local News