Local News

ကျောက်ဆည်ခရိုင်၌ မိုးချည်မျှင်ရှည်(ဝါ)များ အောင်မြင်စွာရိတ်သိမ်းပြီးစီး

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နတ်ရေ၊ နတ်မြောင်းဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ သီးနှံမျိုးစုံများအနက် ဝါသီးနှံကိုလည်းအများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်း (မိုး) ချည်မျှင်ရှည်ဝါ (၇၈၆၇)ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၄၀၂၇) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၅၀၀)ဧက၊ မြစ်သားမြို့နယ်တွင် (၂၃၄၀) ဧကစိုက်ပျိုးထားရှိကာ (မိုး) ချည်မျှင်ရှည်ဝါရိတ်သိမ်းဧက (၅၆၇၀) ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစုအပါအဝင် (၇၀၀၀၀၀-/) ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် တောင်သူများ အများဆုံးစိုက်ပျိုးထားသောမျိုးများမှာ ငွေချည်(၆)၊ ငွေချည်(၉) နှင့် အိန္ဒိယမျိုး(ရာကာ)မျိုးများကိုအများဆုံးစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသောရွာများမှာ ကျောက်ဆည်မြို့နယ်တွင် ကင်းရွာ၊ ကျောက်ဖျာရွာနှင့် မြစ်သားမြို့နယ်တွင် လွန်ကျော်ကျေးရွာ၊ ဒိုင်းကျေးရွာ၊ မြနဒီကျေးရွာနှင့် စဉ့်ကိုင်မြို့နယ်တွင် စွန်ရဲကျေးရွာ၊ မီးသွေးဖုတ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြသည်။ အထွက်နှုန်းအနေဖြင့် ပိဿာ(၄၀၀-၅၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ဝါ(၁)ပိဿာလျှင် (၃၃၀၀-/)ကျပ်၊ ဂွမ်း(၁)ပိဿာလျှင် (၇၃၀၀-/)ကျပ်၊ ဝါစေ့(၁)ပိဿာလျှင် (၁၄၀၀-/)ကျပ်၊ ဝါစေ့ဆီ(၁)ပိဿာလျှင် (၅၅၀၀-/)ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် ဝါ(၁)ပိဿာလျှင် (၃၃၀၀-/)ကျပ်၊ ဂွမ်း(၁)ပိဿာလျှင် (၈၅၀၀-/)ကျပ်၊ ဝါစေ့ (၁) ပိဿာလျှင် (၁၅၀၀-/)ကျပ်၊ ဝါစေ့ဆီ(၁)ပိဿာလျှင် (၇၅၀၀-/)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဝါများဖြိုင်ဖြိုင်ထွက်ရှိချိန်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ မိုးများစွာရွာသွန်းသဖြင့် ဝါပေါက်အရည်အသွေးအနည်းငယ်ကျဆင်းသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း ဝါအများဆုံးစိုက်ပျိုးသော မြနဒီကျေးရွာမှ တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News