ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း တီလားဗီးယားငါး ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက တီလားဗီးယားငါး ပိဿာချိန်၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တီလားဗီးယားငါး ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသတွင် ရေထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်းများသည် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဒီဘက်ကနေ ရေထွက်ကုန် တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်း ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားငါးတွေ ဝယ်ယူမှုများနေတာကြောင့် ပိဿာချိန်တော်တော်များများတင်ပို့ရောင်းချခဲ့ရတယ်။ ငါးပိဿာ ချိန်တွေတော်တော်များများတင်ပို့ရောင်းချနေရတာကြောင့် ရေလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေပါ အဆင်ပြေနေပါတယ်။ အခု ငါးဝယ်လိုအားကောင်းလာတာကြောင့် မွေးမြူသူတွေ ငါးအကောင်ရေ ထပ်တိုးမွေးလာတာ တွေ့ရပါတယ်” ဟု ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့ ကပြောပြသည်။ ညောင်တုန်းမြို့နယ်တွင် မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားငါးများထွက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် တီလားဗီး ယားငါးတစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ