ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကကတစ်ငါး ၆၆၀၀၀ ထိ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ကကတစ်ငါး ပိဿာချိန် ၄၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကကတစ်ငါး ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကကတစ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ မှ ၂၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ကကတစ်ငါး ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က အဝယ်လိုက်လို့ တင်ပို့ရောင်းချအား တက်ခဲ့ပါတယ်။ ကကတစ်ငါးက အကြမ်းခံတဲ့ ငါးအမျိုးအစားထဲမှာပါတော့ ထိခိုက်မှာ မစိုးရိမ်ရပါဘူး။ ကကတစ်ငါးအပါအဝင် အခြားရေထွက်ကုန်တွေလဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်” ဟု လပွတ္တာမြို့နယ်ရေထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကကတစ်ငါး များကို ကုန်သည်များအနေဖြင့် ဆုံးရှုံးမှုမရှိစေရန်၊ စားသုံးသူများအတွက် လက်ဆတ်မှုရှိစေရန်၊ ဈေးအမြင့်ဆုံးရရှိစေရန် နေ့စဉ်တင်ပို့သည့်စနစ်ဖြင့် တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ကကတစ်ငါးများ တင်ပို့ရောင်းချခဲ့ရခြင်းကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်သည်များ၊ လုပ်သားများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ