Local News

သုံးနှစ်ကျော် ကာလအတွင်း ပြည်ပသို့ပြောင်းတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိမှု နှစ်ဆခန့်တိုးမြင့်လာ

Last Updated:

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အထိ သုံးနှစ်ကျော်ကာလအတွင်း ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ပြောင်းများကို ပြည်ပသို့တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိမှု နှစ်ဆခန့်တိုးမြင့်လာကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

လက်ရှိ ပြည်ပသို့ တင်ပို့နေသော မြန်မာ့လယ်ယာထွက်ကုန် သီးနှံများအနက် ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေအများဆုံးရရှိနေပြီး ဆန်တင်ပို့မှုမှ ဒုတိယအများဆုံးရရှိကာ ပြောင်းတင်ပို့မှုမှ တတိယအများဆုံး ရရှိနေခြင်းဖြစ်ကြောင်း၊ တစ်နှစ်လျှင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းသီးနှံ၏ သုံးပုံနှစ်ပုံခန့်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ပြီး ကျန်သုံးပုံတစ်ပုံခန့်ကို ပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်းသိရသည်။

“ပြည်ပကို ပြောင်းတင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေရရှိမှုက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်ထက်စာရင် နှစ်ဆလောက် တိုးတက်လာတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကဆိုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်လောက်ပဲ တင်ပို့ရာကနေ အခုဆိုရင် တစ်နှစ်ကို အမေရိကန် ဒေါ်လာသန်း ၆၀၀ နဲ့ ၇၀၀ ကြား တင်ပို့လာရတယ်။ ပြည်ပကိုတင်ပို့တဲ့ သီးနှံတွေထဲမှာ နိုင်ငံခြားဝင်ငွေအများဆုံးရရှိတာကတော့  ပဲမျိုးစုံပါပဲ။ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်လောက်ရတယ်။ ပြည်ပကို ဆန်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ သန်း ၈၀၀  ကျော်လောက်ရပြီး ပြောင်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးလောက်ရတယ်”  ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းအထွေ ထွေအတွင်းရေးမှူး ဦးဖြိုးကိုကိုနိုင်ကပြောသည်။

ပြည်တွင်း၌ ပြောင်းသည် စိုက်ပျိုးထွက် ရှိမှုပမာဏအားဖြင့်  ဆန်ပြီးလျှင် ဒုတိယအများဆုံးထွက်ရှိသော ထုတ်ကုန်ဖြစ်ပြီး ပြည်ပသို့တင်ပို့မှုမှ နိုင်ငံခြား ဝင်ငွေရရှိမှု ကို နှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် ဆန်ပြီးလျှင် ပြောင်းသည် တတိယ အများဆုံးဖြစ်သည်။ လက်ရှိပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းထုတ်လုပ်မှု ပမာဏ မက်ထရစ်တန် ချိန် ၃ ဒသမ ၂ သန်းခန့်ရှိသည့်အနက် တန်ချိန် ၂ ဒသမ ၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ပြီး  ကျန်တန်ချိန် တစ်သန်းခန့်ကို ပြည်တွင်း၌ သုံးစွဲကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ပြုစုထားသော စာရင်းများအပြင် လက်ရှိပြောင်းအထွက်နှုန်းနှင့် မျိုးစေ့ရောင်းချရမှု အခြေအနေပေါ်မူတည်၍ လေ့လာတွက်ချက်မှုအရ မြန်မာတစ်နိုင်ငံလုံး၌   စုစုပေါင်းပြောင်း စိုက်ဧက နှစ်သန်းကျော်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News