Local News

မြေနုကျွန်းစိုက်မြေပဲသီးနှံများ ဈေးနှုန်းဈေးကွက်ကောင်းမွန်၍ အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ဆိပ်ဖြူမြို့၊ ရွာသစ် - အနောက်ပိုင်း၊ အလယ်ပိုင်းရပ်ကွက်များနှင့် ကိုးထောင့်၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကမ္ဘာကြီးအုပ်စုများအတွင်းရှိ ကျေးရွာများ၌ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲသီးနှံကို ကိုင်းမြေနုကျွန်းများတွင် မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ နှစ်ရာသီ စိုက်ပျိုးကြပြီး ဆောင်းမြေပဲ စိုက်ဧက ၃၀၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း၊ မြေပဲသီးနှံ စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလမှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ လဆန်းပိုင်းမှ စတင်၍ မတ်လအထိ တူးဖော်ကြကြောင်း၊ မြေပဲမျိုး အနေဖြင့် ၃ လပဲ မြေပဲတောင့်အသေး အဆံအဖြူ (S1) မျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ကျပ် ၆၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် ကိုင်းကျွန်းမြေစိုက်ခင်းများအတွင်း မြစ်ရေများဝင်ကာ သဲနုန်းမြေ တင်ကျန်မှုများပြားပြီး ရာသီဥတု ကောင်းမွန်ခြင်းကြောင့် တစ်ဧကလျှင် မြေပဲအထွက် တင်း ၅၀ ခန့်၊ မြေပဲဆန်အားဖြင့် ၂၂၅ ပြည်ခန့် ထွက်ရှိကြောင်း၊ မြေပဲစိုက် တောင်သူများသည် ထွက်ရှိသောမြေပဲသီးအတောင့်များကို အခြောက်လှန်း၍ မြေပဲအတောင့်ခြောက်အဖြစ် ရောင်းချမှုနည်းပါးပြီး မြေပဲအတောင့်ကို ထုခွဲ၍ ရရှိလာသောမြေပဲဆန်များကိုသာ ရောင်းချမှုများပြားကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် သီးနှံပေါ်ချိန်တွင် ဒေသပေါက်ဈေးမှာ မြေပဲလုံးဆံ တစ်ပြည်လျှင် ကျပ် ၆,၇၀၀ ပေါက်ဈေးရှိ၍ ဝင်ငွေအနေဖြင့် တစ်ဧကလျှင် ကျပ် ၁,၅၀၇,၅၀၀ ရရှိပြီး ကျပ် ၉၀၇,၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ဈေးကွက်အနေဖြင့် ဆီထွက်သီးနှံ မြေပဲကို ပြည်တွင်းစားသုံးမှုအတွက် ဆီကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်လျက်ရှိသော ဆီစက်လုပ်ငန်း ရှင်များနှင့်အသင့်စား စားသောက်ကုန်များထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင်များမှ ဝယ်ယူသိုလှောင်မှုများရှိသည့်အပြင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိခြင်းကြောင့် ဈေးနှုန်းဈေးကွက် ခိုင်မာမှုရှိသော မြေပဲသီးနှံကို ဒေသခံတောင်သူများမှ စိုက်ပျိုးမှုများပြားလာပြီး အကျိုးအမြတ်များရရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News