International News

ကော်ဖီတင်ပို့မှုမှအမေရိကန်ဒေါ်လာ(၃)ဘီလီယံရရှိခဲ့သည့်ဗီယက်နမ်နိုင်ငံ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၃)ဘီလီယံရရှိ ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာနချုပ်၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမငါးလတာကာလတွင် ကော်ဖီတန်ချိန် (၈၆၂၄၀၀) တန် တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဥ်ပါက ပမာဏအားဖြင့် (၃၈) ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကြောင်းသိရပါသည်။ စျေးနှုန်းတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပသို့တင်ပို့သည့် ပျမ်းမျှကော်ဖီစျေးနှုန်းမှာ မေလတွင် တစ်တန်ကို(၄၂၇၅)အမေရိကန်ဒေါ်လာရှိပြီး ဧပြီလထက် (၁၄)ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် (၆၆) ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်းသိရပါသည်။ ဇွန်လအစောပိုင်းရက်များတွင် ပြည်တွင်းစျေးကွက်ရှိ Robusta ကော်ဖီ‌စျေးနှုန်းမှာ မေလကုန်နှင့်နှိုင်းယှဥ်ပါက မြင့်တက်လာကြောင်းသိရပါသည်။ ဗီယက်နမ် နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏အဆိုအရ လတ်တလောတွင် ပြည်တွင်းစျေးကွက်၌ ကော်ဖီကုန်လက်ကျန် အနည်းငယ်သာရှိတော့ကြောင်းသိရပါသည်။ လတ်တလောရှည်ကြာလှသည့် ပူပြင်းသည့်ရာသီဥတုကြောင့် ဗဟိုကုန်းမြင့်ဒေသများတွင် ကော်ဖီထွက်ရှိမှုကျဆင်းလာပြီးလာမည့် ကောက်ရိတ်သိမ်းနှစ်တွင် ကော်ဖီထွက်ရှိမှုမှာ (၂၀) ရာခိုင်နှုန်းထိကျဆင်းနိုင်မည်ဟု ခန့်မှန်းမှုများရှိနေပါသည်။ ဗီယက်နမ်နိုင်ငံ ကော်ဖီကို ကိုးအသင်း (Vicofa) က လတ်တလောတွင် ကော်ဖီစျေးနှုန်းများမြင့်တက်လျှက်ရှိကြောင်း ထို့ကြောင့် ကော်ဖီတင်ပို့မှုမှာကျဆင်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အသင်းသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄.၅ မှ ၅) ဘီလီယံရရှိရန်မျှော်လင့်လျှက်ရှိကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: International News