Local News

မတ်ပဲဈေးပြန်တက်လာမှုအခြေအနေ

Last Updated:

ဇွန်လဒုတိယပတ်အထိ မတ်ပဲဈေးနှုန်းများ တရိပ်ရိပ်တက်လာနေရာမှ တတိယပတ်အတွင်း ၁ တင်းလျှင် ကျပ် ၁ သိန်း ၁ သောင်းအောက်သို့ကျဆင်းကာ နေ့စဉ်ဈေးနှုန်းအကျဖြင့် ဆက်လက်ရပ်တည်နေခဲ့ပြီး ယခုဇွန်လကုန်ရက်ပိုင်းအတွင်း ဈေးအနည်းငယ်ပြန်တက်လာနေ ကြောင်း တွေ့ရသည်။ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇွန်လ ၂၁ ရက်နေ့တွင် ၁ တင်းလျှင် ကျပ် ၁၁၀၇၀၀၊ ၂၄ ရက်နေ့တွင် ကျပ် ၁၀၉၀၀၀၊ ၂၅ ရက်နေ့တွင် ကျပ် ၁၀၇၀၀၀၊ ၂၆ ရက်နေ့တွင် ကျပ် ၁၀၈၅၀၀၊ ၂၇ ရက်နေ့တွင် ကျပ် ၁၀၉၂၀၀ အသီးသီး ဖြစ်ခဲ့ပါသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် အစိုးရက ပဲမျိုးစုံသိုလှောင်မှု ကန့်သတ်ချက် များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ထားရှိလိုက်သဖြင့် မတ်ပဲနှင့် ပဲစင်းငုံတို့၏ အိန္ဒိယပြည်တွင်းဈေးနှုန်းများ ကျဆင်းလာပြီးနောက် မြန်မာမတ်ပဲဈေးကွက်တွင် လည်း ဈေးကျဆင်းလာကြောင်းတွေ့ရှိရသည်။

ယခုအခါ ပဲဈေးအကျတွင် အဝယ်လိုက်လာခြင်း၊ ပဲလက်ဝယ်ရှိသူများက ဈေးအကျတွင် အရောင်းပမာဏကို ထိန်းသိမ်း၍ ရောင်းဝယ်နေခြင်းတို့ကြောင့် မတ်ပဲဈေးပြန်တက်လာနေပြီး ယခုနှုန်းအတိုင်း ဈေးဆက်တက်လာပါက ယခင်ရရှိခဲ့သော ဈေးနှုန်းအခြေအနေကို ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ပဲရောင်းဝယ်ရေး ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News