International News

ဗီယက်နမ်-လာအိုကုန်စည်ပြပွဲ ၂၀၂၄ ကျင်းပပြုလုပ်

Last Updated:

နှစ်နိုင်ငံလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံး နှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအိုကုန်စည်ပြပွဲ ၂၀၂၄ (VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနား၌ လာအိုနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွှယ်မှုတွင် ကြာရှည်သော အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ဖွံ့ဖြိုး တိုးတက်မှုကိုပြသနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လာအို၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်(၃)နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ပြီး  ဇွန်လကုန်တွင် အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၂၈ သန်းအထိရောက်ရှိခဲ့ကာ ၁၁ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ Hung က ၄၆ ကြိမ်မြောက်ကျင်းပခဲ့သည့် ဗီယက်နမ်- လာအိုအစိုးရအချင်းချင်းကော်မတီတွင် စီနီယာခေါင်းဆောင်များကချမှတ်ခဲ့သည့် ယခုနှစ်အတွက် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကြီးထွားနှုန်းရည်မှန်းချက်ဖြစ်သည့် ၁၀ရာခိုင်နှုန်းကိုကျော်လွန်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် သံအမတ်ကြီးက လာအိုနိုင်ငံရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်များဖန်တီးခြင်း၊ ထောင်နှင့်ချီသော လုပ်သားများ၏ဝင်ငွေကို မြှင့်တင်ပေးခြင်းနှင့် လာအိုနိုင်ငံတော်ဘတ်ဂျက်ဝင်ငွေကို မြင့်တက်စေခြင်း စသည်တို့တွင် ထိရောက်စွာနှင့် သိသာထင်ရှားစွာပူးပေါင်းပါဝင်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအစိုးရများသည် နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိမြှင့်တင်ရန် ရည်ရွယ်လျက်ရှိကြောင်းသိရပါသည်။ ပြပွဲတွင် စီးပွားရေးလုပ်ငန်းများက ပြခန်းပေါင်း ၂၅၀ ပတ်လည်ခန့်ခင်းကျင်းပြသခဲ့ပြီး ၁၂၀ ခန့်ပါဝင်ကြောင်းသိရပါသည်။ ၈၀ ခန့်မှာ ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ ပြင်ဆင်ထားသော လယ်ယာ-သစ်‌တော-ရေထွက်ကုန်များ၊ ချည်မျှင်နှင့်ဖက်ရှင်၊ လက်မှုပစ္စည်းများ၊ အတွင်းနှင့်အပြင်အလှဆင်ခြင်းလုပ်ငန်းများနှင့် စားသုံးကုန်များ အစရှိသည့် ကဏ္ဍပေါင်းစုံတို့တွင် နာမည်ရကုမ္ပဏီများဖြစ်ကြောင်းသိရပါသည်။ ပြပွဲတွင်ပါဝင်ပြသခဲ့သော ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ၏ပုံရိပ်ကိုမြှင့်တင်ရန်၊ တင်ပို့မှုအရှိန်မြှင့်ရန်၊ လာအိုနှင့်ထိုင်းနိုင်ငံ အရှေ့မြောက်တွင် ကွန်ယက်ဖြန့်ဝေမှုတိုးချဲ့ရန်နှင့် ဗီယက်နမ်စက်မှုလုပ်ငန်းများ၏ အားကောင်းမှုကိုပြသရန် ရည်ရွယ်ကြောင်းသိရပါသည်။ ပြပွဲသည် ကုန်သွယ်ရေးအဖွဲ့အစည်း၊ ကုန်ထုတ်လုပ်သူများနှင့် နှစ်နိုင်ငံလုံးက ရင်းနှီးမြှုပ်နှံသူအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်း၊ နည်းပညာလွှဲပြောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများတိုးချဲ့ခြင်းတို့အတွက် ထိရောက်သော ပေါင်းကူးတံတားတစ်ခုဖြစ်စေကြောင်းသိရပါသည်။

Source: Vietnem Plus

Source: https://www.doca.gov.mm

Category: International News