International News

ဗီယက်နမ်နိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုအဝင်နှုန်းသည် ပိုမိုမြင့်မားသည့် အရည်အသွေးနှင့်အတူ ပိုမိုအားကောင်းလာ

Last Updated:

ဗီယက်နမ်နိုင်ငံသို့ နည်းပညာ၊ အီလက်ထရောနစ်၊ ပြန်လည်သုံးစွဲနိုင်သောစွမ်းအင် အစရှိသည့် များစွာသောနယ်ပယ်တို့တွင် တရုတ်၏ အားကောင်းသော ရင်းနှီးမြှုပ်နှံမှုများဝင်‌ရောက် လျက်ရှိကြောင်းသိရပါသည်။ လွန်ခဲ့သည့်လတွင် တရုတ်နိုင်ငံ၏ Sunwoda Group မှ ကိုယ်စားလှယ်အဖွဲ့သည် Bac Giang ပြည်နယ်သိူ့လာရောက်လည်ပတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေခဲ့ကြောင်းသိရပါသည်။ အဆိုပါလုပ်ငန်း၏ အထွေထွေညွှန်ကြားရေးမှူး Xiang Hai Biao က Sunwoda သည် အီလက်ထရောနစ်အစိတ်အပိုင်းများထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ သန်း၃၀၀တန်ကြေးရှိ စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ ယခင်ကလည်း Sunwoda သည် Bac Giang တွင် စက်ရုံတစ်ခုတည်ဆောက်ပြီးဖြစ်ကြောင်းသိရပါသည်။ Sunwoda သည် ဗီယက်နမ်ကို စိတ်ဝင်စားမှုပြသည့် တစ်ခုတည်းသော တရုတ်လုပ်ငန်းမဟုတ်ကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် တရုတ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် Hai Phong မြို့တော်သို့လာရောက်ခဲ့ပြီး ၎င်းတို့ရင်းနှီးမြှုပ်နှံလိုသည့်စီမံကိန်းများကို ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လအစောပိုင်းတွင်လည်း တရုတ်နိုင်ငံတွင်ပြုလုပ်သည့် ကုန်သွယ်ရေးမြှင့်တင်မှုပရိုဂရမ်ဖွဲ့စည်းမှုအတွင်း  Hai Phong မှ ခေါင်းဆောင်များသည် အမေရိကန်ဒေါ်လာသန်း၂၀၀တန်ဖိုးရှိ စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုလိုင်စင်များကိုတင်ပြခဲ့ကြောင်းသိရပါသည်။ ထို့ပြင် စီမံကိန်းကြီးများအတွက် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုသဝဏ်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် တရုတ်လုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံတန်ဖိုးရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်ထက် ၈၀ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၇ လတွင် အမေရိကန်ဒေါ်လာ ၁.၆၅ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့် ကာလထက် လျော့ကျခဲ့သော်လည်း အပေါင်းလက္ခဏာဆောင်သည့် ကိန်းဂဏန်းပမာဏဖြစ်ကြောင်းသိရပါသည်။ လတ်တလောနှစ်များအတွင်း ထိုင်ဝမ်နှင့်ဟောင်ကောင်တို့ပါဝင်သော တရုတ်လုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံတွင် နည်းပညာနှင့်အီလက်ထရောနစ်စီမံကိန်းကြီးများတွင် လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Nguyen Chi Dung က ဗီယက်နမ်နိုင်ငံတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုသည် အရည်အသွေးပိုင်းတိုးတက်လာကြောင်းပြောကြားခဲ့ပါသည်။ အတိတ်တွင် တရုတ်၏ စီမံကိန်းများသည် အထည်အလိပ်နှင့် ခြေအိတ်နယ်ပယ်၌ အဓိကဖြစ်ပြီး ယခုအခါတွင် နည်းပညာ၊ လျှပ်စစ်နှင့်အီလက်ထရောနစ်နယ်ပယ်တို့ထိ တိုးချဲ့လာကြောင်းသိရပါသည်။ ဗီယက်နမ်ဝန်ကြီးချုပ်၏ တရုတ်နိုင်ငံသို့ ဇွန်လတွင်သွားရောက်သည့် ခရီးစဉ်အတွင်း ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံအနေဖြင့် ကြီးမားသည့်လုပ်ငန်းများနှင့်တွေ့ဆုံခဲ့ပြီး ဗီယက်နမ်နိုင်ငံ၌ သယ်ယူ ပို့ဆောင်ရေးအခြေခံအဆောက်အအုံ၊ မြို့တွင်သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် နည်းပညာမြင့်စီမံကိန်းတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံဆက်ဆံရေးကြီးထွားလာမှုသည် ဗီယက်နမ်နိုင်ငံ၌ ပိုမိုမြင့်မားသည့် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများ အားကောင်းစွာဝင်ရောက်လာစေရေးအတွက် သင့်လျော်သောအခြေအနေတွင်ရှိနေကြောင်းသိရပါသည်။

Source: Vietnem Plus

Source: https://www.doca.gov.mm

Category: International News