ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပလာတူးပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့် ကပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် သဘာဝအတိုင်း ဖမ်းယူရရှိသည့် ပလာတူးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ စက်တင်ဘာလက ပလာတူးပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ပလာတူးပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့ တဲ့ တစ်လထဲမှာ ပလာတူးတွေ အဝယ်လိုက်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာကို အဝယ်လိုက်နေတာပါ။ အရင်လတွေကထက် ကုန်ချိန်တွေလဲ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ လပွတ္တာမြို့နယ်ဘက်က ပုစွန်တွေ၊ ကဏန်းတွေ အပြင် ပလာတူးတွေကို တင်ပို့ရောင်းချနေပါတယ်။ ပလာတူးတွေကို ဒီဘက်ကနေ ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ ရောင်းချပါတယ်။ အခုပလာတူးတွေ အရောင်းအဝယ်ကောင်းလာတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေ အလုပ်အကိုင် အခွင့်အလမ်း ကောင်းနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပလာတူးတစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ