Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပေါ်ဆန်း ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပေါ်ဆန်း ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုယုက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် အိတ်ရေ ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ပေါ်ဆန်းဆန် အိတ်ရေအများအပြား ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဓနုဖြူမြို့ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲအများဆုံး တင်ပို့ရောင်းချနေပါတယ်။ ပေါ်ဆန်းဆန်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေလို့ အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်။ ပေါ်ဆန်းဆန်အမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိန်ဆက်မှုတွေရှိနေပါတယ်။ တခြားဆန်တွေနဲ့ ယှဉ်ရင်ပြီးခဲ့တဲ့ တစ်လအတွင်းနဲ့လတ်တလောမှာပါ ပေါ်ဆန်းဆန် အမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်။ စပါးတွေကို ကုန်းလမ်းအပြင် ရေလမ်းကနေပါ အဆင်ပြေသလို တင်ပို့ရောင်းချနေပါတယ်” ဟု ဓနုဖြူမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုယုက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၅၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News