မကွေးတိုင်းဒေသကြီး ဆိတ်ဖြူမြို့နယ်၌ သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ကန်စွန်းဥကို ဆိတ်ဖြူမြို့နယ်အတွင်းရှိ ကိုးတောင့်အုပ်စု၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ပဒေသာကျွန်း၊ ကျီးပင်၊ ကျီးရွာများတွင် စိုက်ဧက ၃၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ကန်စွန်းဥကို အောက်တိုဘာလ ပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တူးဖော်ကြောင်း၊ ကန်စွန်းဥမျိုးအနေဖြင့် ရွှေဝါနှင့် ငချိတ်မျိုးများကို အများဆုံးစိုက်ပျိုးပြီး တစ်ဧကလျှင် ကန်စွန်းညွှန့် သုံးသောင်းခန့် စိုက်ပျိုးရကြောင်း၊ မြေအောက်ရေဖြင့် စိုက်ပျိုးမှုအပြင် လိုအပ်ပါက ရေသွင်းစိုက်ပျိုးရကြောင်း၊ မြေအနေအထားနှင့် ရာသီဥတုအပေါ်မူတည်၍ ကန်စွန်းဥတူးဖော်ချိန် နောက်ကျလျှင် သီးနှံအချိုအရသာ လျော့နည်းခြင်းနှင့် ကန်စွန်းဥတွင် ပိုးဝင်၍ ပျက်စီးမှုများသောကြောင့် စိုက်ပျိုးပြီး သုံးလအကြာတွင် တူးဖော်ကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်သောကြောင့် မျိုးနှင့် သွင်းအားစုစရိတ်သာကုန်ကျမှုရှိရှာ တစ်ဧကလျှင် ငွေကျပ် ၄ သိန်းခန့်သာ ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာ ၃၀၀၀-၃၅၀၀ ခန့်ထွက်ရှိပြီး ကန်စွန်းဥတစ်ပိဿာလျှင် လက်လီဈေးငွေကျပ် ၁၈၀၀-၂၀၀၀၊ လက်ကားဈေး ငွေကျပ် ၈၀၀-၁၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ငွေကျပ်သိန်း ၂၀ ခန့် အမြတ်ရရှိကြောင်း၊ ယခုနှစ်သီးနှံပေါ်ချိန်တွင် ကန်စွန်းဥအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ကန်စွန်းဥစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ