Local News

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ဂျပန်ပဲယဉ်း(နီ) သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြပြီး ရွာသစ်ရပ်ကွက်ရှိ တောင်သူ များသည် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ပြည်ပဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယဉ်း(နီ)သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဂျပန်ပဲယဉ်း(နီ)ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်း ရကြောင်း၊ တစ်ဧကလျှင် ဂျပန်ပဲယဉ်းနီမျိုးစေ့ သုံးပြည်ခန့်နှင့် မျိုး၊ ထွန်ယက်စိုက်ပျိုးခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သုံးသိန်းခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ချောက်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ တင်ပို့ကြောင်း သိရသည်။ ပဲယဉ်း(နီ)သီးနှံသည် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသည့် သီးနှံဖြစ်ရာ ယခုနှစ် စိုက်ပျိုးရာသီချိန်တွင် ရာသီဥတု ကောင်းမွန်၍ ဂျပန်ပဲယဉ်း(နီ) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံရိတ်သိမ်းချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း ဂျပန်ပဲယဉ်း(နီ)စိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News