မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ဆိက္ခာကျေးရွာအုပ်စုအတွင်းရှိ ဆိက္ခာ၊ သီရိ၊ ဇီးကုန်း၊ ရွာနောင်စသည့် ကျေးရွာများ၌ မြစ်ရောင်မြေနုကျွန်းများပေါ်၌ ငရုတ်၊ နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲများကိုလည်း စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ မြေပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ရိတ်သိမ်းခဲ့ကြောင်း၊ မျိုးအနေဖြင့် ပင်ပြန့်အတောင့်ကြီးမျိုးများကို အဓိကစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် မြေပဲတစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ မြေပဲတစ်ဧကလျှင် ၄၈ တင်းခန့်ထွက်ရှိပြီး မြေပဲအတောင့်များကို ရောင်းချခြင်းမရှိဘဲ မြေပဲဆန်များကိုသာ ရောင်းချကြကြောင်း၊ ပခုက္ကူမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် မြေပဲသီးနှံအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိ၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ