International News

၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုမြင့်တက်လာပြီး နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉.၅ဘီလီယံရရှိရန်ရည်ရွယ်ထား

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလတာကာလတွင် ပြည်ပသို့ ပင်လယ်စာတင်ပို့မှုပမာဏအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ပထမသုံးလတာကာလထက် ၈ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း (VASEP)၏ အဆိုအရသိရပါသည်။ ယခုကဲ့သို့ မြင့်တက်လာခြင်းသည် အဓိကဈေးကွက်များဖြစ်သော အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ဟောင်ကောင်တို့ထံမှ မြင့်တက်လာသော ဝယ်လိုအားများကြောင့်ဖြစ်သည်ဟုသိရပါသည်။ VASEP သည် ၂၀၂၄ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံတန်ဖိုးရှိသည့် ပင်လယ်စာထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဟု ယုံကြည်ချက်ရှိနေပါသည်။ အမေရိကန်နိုင်ငံသည် ဗီယက်နမ်ထံမှ ပင်လယ်စာများကို အဓိကတင်သွင်းသူဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၃၃၀ ပမာဏရှိသော ပင်လယ်စာများကို တင်သွင်းပြီးဖြစ်ကြောင်းသိရပါသည်။ ဒုတိယနေရာတွင် တရုတ်နှင့် ဟောင်ကောင်၊ တတိယနေရာတွင် ဂျပန်တို့ရှိနေပြီး အခြားဈေးကွက်အနေဖြင့် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိနေပါသည်။ အဓိကတင်ပို့သည့် ပင်လယ်စာထုတ်ကုန်များမှာ ပုစွန်၊ တူနာငါး၊ ဂဏန်း၊ ကျောက်ပုစွန်၊ Pangasius ငါးတို့ဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ဧပြီလတစ်လတည်းနှင့် အမေရိကန်ဒေါ်လာသန်း ၇၇၀ ပမာဏရှိသည့် ပင်လယ်စာထုတ်ကုန်များကို တင်ပို့ခဲ့ကြောင်းသိရပါသည်။ VASEP ၏ ဆက်သွယ်မှုဒါရိုက်တာ Le Hang က ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အီကွေ‌ဒေါနိုင်ငံပြီးလျှင် အေးခဲပုစွန်များတင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်းတင်ပို့သူဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ VASEP သည် ၂၀၂၄ ခုနှစ်တွင် ပင်လယ်စာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံရရှိရန်ရည်ရွယ်ထားပြီး ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ၊ Pangasius  ငါးများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံနှင့် အခြားထုတ်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံရရှိမည်ဟုခန့်မှန်းထားကြောင်းသိရှိရပါသည်။

Source: Vietnam Briefing

Source: https://www.doca.gov.mm

Category: International News