International News

တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းထူထောင်မည်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်အတွက် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုကဏ္ဍများပြုလုပ်သွားရန် ရည်ရွယ်ထားကြပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ကမ္ဘောဒီးယားသမ္မတ Hun Monet ၏ တောင်ကိုရီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိသွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Mr. Hun Monet သည် တောင်ကိုရီးယားသမ္မတနှင့်ကုန်သွယ်မှုချိတ်ဆက်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်သော ကဏ္ဍမြောက်များစွာတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ခေါင်းဆောင်နှစ်ဦးစလုံးသည် နှစ်နိုင်ငံအကြားတည်ရှိပြီးသော ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန်နှင့် အဓိကစီမံကိန်း ၂ ခုကို ပိုမိုအားကောင်းစွာထူထောင်ရန် သဘောတူညီခဲ့ကြပါသည်။

ပထမစီမံကိန်းမှာ ကိုရီးယားကုမ္ပဏီများနှင့် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီအကြား ပုံမှန်ဆွေးနွေးညှိနှိုင်းမှုကဏ္ဍများထူထောင်ရန်ဖြစ်ပြီး ဒုတိယစီမံကိန်းမှာ ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုများတိုးချဲ့ခြင်းတို့ပြုလုပ်မည့် တောင်ကိုရီးယားနိုင်ငံမှ ကုမ္ပဏီများအတွက် သက်တောင့်သက်သာရှိသော စီးပွားရေးပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ရန်အတွက် အထူးစီးပွား‌ရေးဇုန်များဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါသည်။ ထို့ပြင် မေလ ၁၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်းနှင့် တောင်ကိုရီးယားနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကျင်းပသည့် ကမ္ဘောဒီးယား-တောင်ကိုရီးယား စီးပွားရေးဖိုရမ်တွင် ကမ္ဘောဒီးယားကုန်သည်များအသင်းဥက္ကဋ္ဌ Kith Meng က ဖိုရမ်သည် နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးမှု၏ ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင်  Mr.Kith Meng က တောင်ကိုရီးယားနိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ LED၊ လျှပ်စစ်ကားများ၊ AI နည်းပညာနှင့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ် အစရှိသည့် မြင့်မားသည့်နည်းပညာများကို ကမ္ဘောဒီးယားနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ထောက်ပံ့ပေးနိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှလည်း အပြန်အလှန်အနေဖြင့် ငယ်ရွယ်သောလုပ်သားအင်အားထုနှင့် အရှေ့တောင်အာရှအလယ်ပိုင်း၏ မဟာဗျူဟာကျသော တည်နေရာတွင်ရှိနေကြောင်း၊ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် သတ္တုတွင်းများ၊ ရွှေ၊ ကြေးနီ၊ အလူမီနီယံနှင့် တန်ဖိုးကြီးကျောက်မျက်ရတနာများကြွယ်ဝကြောင်း ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်များ၏ ပူးတွဲထုတ်ပြန်ချက်အရ နှစ်နိုင်ငံစလုံးသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ဆွေးနွေးမှုများစတင်ရန် သဘောတူညီခဲ့ကြောင်းနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနှင့် မူပိုင်ခွင့်တို့တွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန်လည်း သဘောတူညီခဲ့ကြောင်းသိရပါသည်။

Source: Khmertimes

Source: https://www.doca.gov.mm

Category: International News