International News

ယခုနှစ်တွင် ကောက်ပဲသီးနှံများအား စံချိန်တင်တင်ပို့နိုင်ရန် ရည်မှန်းထားသည့် ရုရှားနိုင်ငံ

Last Updated:

ရုရှားနိုင်ငံ၏ ကောက်ပဲသီးနှံများကို နယ်စပ်ဖြတ်ကျော်ရောင်းချမှုသည် ယခုနှစ်တွင် စံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိမည်ဖြစ်ပြီး ပြည်ပသို့တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံသို့ရောက်ရှိရန် မျှော်မှန်းထားကြောင်း ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး Oksana Lut ကပြောကြားခဲ့ပါသည်။ နိုင်ငံတကာဆိုင်ရာ ရုရှားပြပွဲဖိုရမ်၌ အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်ပတ်သက်သည့် မျက်နှာစုံညီအစည်းအဝေးတွင် Lut က ရုရှားနိုင်ငံသည် လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၄၃.၅ ဘီလီယံတန်ဖိုးရှိသည့် ကောက်ပဲသီးနှံများကိုတင်ပို့နိုင်ခဲ့ကြောင်းနှင့် ယခုနှစ်တွင် စံချိန်တင်တင်ပို့နိုင်ရန်အတွက် အခွင့်အလမ်းကောင်းများရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ယခုလအစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှသည် ၂၀၃၀ပြည့်နှစ်ရောက်သောအခါ ၂၀၂၁ ခုနှစ်က ပြည်ပသို့တင်ပို့မှုပမာဏထက် ၅၀ ရာခိုင်နှုန်းမြင့်တက်ရမည်ဟု ပြောကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်က ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံရှိကြောင်းသိရပါသည်။ ကောက်ပဲသီးနှံများတင်ပို့မှုပမာဏသည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံကျော်ထိမြင့်တက်ရန် မျှော်လင့်ထားပြီး ရုရှားလယ်သမားများအနေဖြင့်လည်း သမ္မတ၏ရည်မှန်းချက်ဖြစ်သည့် (၆) နှစ်အတွင်း ထုတ်လုပ်မှုပမာဏ ၂၅ ရာခိုင်နှုန်းထထိမြင့်တက်အောင် ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ကြောင်း Lut က ပြောကြားခဲ့ပါသည်။ ထို့ပြင် Lut က ထုတ်လုပ်မှုကုန်ကျစရိတ်များကိုလျှော့ချနိုင်ခြင်းသည် ရုရှားလယ်သမားများအား နိုင်ငံတကာဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်စေမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍသည် သင်္ဘောများနှင့်ပြည်ပသို့ တင်ပို့သူများအား ထောက်ပံ့ပေးရမည့်ပြဿနာအားဖြေရှင်းရန် ကျန်သေးကြောင်းပြောကြားခဲ့ပါသည်။ မတ်လတွင် သမ္မတပူတင်က ရုရှားသည် ကမ္ဘာ့စတုတ္ထအကြီးဆုံး စိုက်ပျိုးရေးထုတ်ကုန်များကို တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဂျုံရောင်းချမှုတွင် နံပါတ်(၁)နေရာ၌ ရပ်တည်နေကြောင်းပြောကြားခဲ့ပါသည်။ သို့သော် ပြည်ပမှတင်သွင်းနေရသည့် ခရမ်းချဉ်သီးနှင့် အခြားသီးနှံထုတ်ကုန်များကို ပြည်တွင်း၌ ထုတ်လုပ်မှုအရှိန်မြှင့်တင်သင့်ကြောင်း ပူတင်က အသားပေးပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် အစာရေစာပြတ်လပ်မှုပြဿနာနှင့်ရင်ဆိုင်နေရသည့် အာဖရိကနိုင်ငံတချို့ကို ကောက်ပဲသီးနှံများ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်းသိရပါသည်။

ယခုနှစ်အစောပိုင်းတွင် ရုရှားနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာန၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုစင်တာမှ အကြီးအကဲဖြစ်သူ Omitry Krasnor က ရုရှားနိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်အမျိုးအစား ၂၅၀ ပတ်လည်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၁၀၀) ကျော်ကိုတင်ပို့ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘယ်ဂျီးရီးယားနှင့် အင်ဒိုနီးရှားတို့သည် အရေးအပါဆုံးဈေးကွက်များဖြစ်ကြောင်းနှင့် အာရှအရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင်အမေရိကနှင့် ယခင်ဆီုဗီယက်ပြည်ထောင်စုနိုင်ငံများသို့တင်ပို့မှုမှာ အနာဂတ်ကာလတွင် ပိုမိုမြင့်တက်လာရန်မျှော်လင့်ကြောင်း Omitry Krasnov က ပြောကြားခဲ့ပါသည်။

Source: Malays’a Sun

Source: https://www.doca.gov.mm

Category: International News