Local News

ပခုက္ကူဈေးကွက်၌ ဈေးတက်ပြီး အရောင်းအဝယ်သွက်နေသော ပြောင်းဖူးစေ့(CP)

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ပြောင်းဖူးစေ့(CP) (အစေ့ထုတ်) ပြောင်းများဈေးတက်၍  ပခုက္ကူကုန်စည်ဒိုင်သာမက အခြားပွဲရုံများတွင်လည်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပြောင်းဖူးစေ့(CP)ကို ပခုက္ကူမြို့နယ်၊ နန်းတော်ရပ်အုပ်စုရှိကျေးရွာများ၊ မြစ်ခြေအုပ်စုရှိကျေးရွာများနှင့် ရေတောင်ဘက်အုပ်စုရှိကျေးရွာများတွင် အဓိကစိုက်ပျိုးကြပါသည်။ ပြောင်းဖူးစေ့(CP) ကို ၂၀၂၄ခုနှစ်၊ မေလတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြပါသည်။ ပခုက္ကူမြို့နယ်တွင် ပြောင်းဖူးစေ့(မိုး) စိုက်ဧက(၈၀၀၀)ကျော်စိုက်ပျိုးကြပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၇၀)ကျော်ထွက်ရှိကြောင်းသိရသည်။ ပြောင်းဖူးစေ့(CP)ကို တိရိစ္ဆာန်စာအဖြစ် ပြည်တွင်း၌ အသုံးပြုရုံသာမက ပြည်ပနိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

ယခုအချိန်တွင် ပြောင်းဖူးစေ့(CP)မှာ ဒေသတွင်းဈေးကွက်တွင် သီးနှံလက်ကျန်နည်းနေပြီး ဩဂုတ်လ(စတုတ္ထပတ်)၌ ပြောင်းဖူးစေ့ဈေးနှုန်းမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ယခင်အပတ်တွင် ပြောင်းဖူးစေ့ (CP)တစ်တင်းလျှင် ကျပ်(၂၃၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ပြောင်းဖူးစေ့(CP)မှာ တစ်တင်းလျှင် ကျပ်(၂၇၅၀၀ မှ ၃၀၀၀၀)ဖြစ်၍ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၄၀၀၀)ကျော်ဈေးတက်နေကြောင်း၊ ဈေးတက်ရခြင်းမှာ ပြည်တွင်းတိရိစ္ဆာန်အစားအစာများအဖြစ် ဝယ်ယူခြင်းအပြင် ထိုင်း၊ တရုတ်နိုင်ငံများသို့တင်ပို့နေသောကြောင့်  ဈေးကောင်းရလျက်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News