Local News

ထီးလင်းမြို့နယ်၌ မိုးမြေပဲသီးနှံများ လှိုင်လှိုင်တူးဖော်ပြီး ဈေးကွက်သို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ နှစ်စဉ် မိုး၊ ဆောင်းမြေပဲစိုက်ဧက (၁)သောင်းခန့်စိုက်ပျိုးကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းများအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ဒေသစီးပွားဖြစ်လုပ်ကိုင်ကြသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြသည်။ ယခင်နှစ်များတွင် နှမ်းသီးနှံကို စိုက်ပျိုးမှုများခဲ့သော်လည်း ရေ၊ မြေ၊ ရာသီဥတုနှင့်မကိုက်ညီ၍ နှမ်းပင်သေပျောက်မှုများပြီး အထွက်နှုန်းလျော့နည်းခြင်းကြောင့် နှမ်းသီးနှံအစား မိုးရွာသွန်းမှုများခြင်းနှင့် မိုးခေါင်မှုဒဏ်ကို အထူးခံနိုင်သော မြေပဲသီးနှံကိုအစားထိုး၍ တောင်သူအများအပြား စိုက်ပျိုးကြကြောင်းသိရှိရသည်။

ဩဂုတ်လ(စတုတ္ထပတ်)တွင် ထီးလင်းမြို့နယ်အတွင်းရှိ ဝက်သက်၊ လုံးပေါင်၊ လက်ပံ၊ ဒေါသာ၊ သရခါ၊ အနောက်ဘက်၊ မြောက်ဘက်၊ ထလင်း စသည့်ကျေးရွာများ၌ သုံးလပဲပင်ထောင် အတောင့်သေးမျိုးကို ၂၀၂၄ ခုနှစ်၊ မေလတွင် စိုက်ဧက(၅၀၀၀)ခန့်စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးထားရှိသောမြေပဲများကို ဩဂုတ်လဆန်းပိုင်းမှစ၍ လှိုင်လှိုင်တူးဖော်ကြောင်း၊ ဒေသတွင်းပေါက်ဈေးအနေဖြင့် သီးနှံအရည်အသွေးပေါ်မူတည်၍ မြေပဲတောင့်တစ်တင်းလျှင် ကျပ်(၃၀၀၀၀-၄၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၈၀၀၀၀၀)ခန့်ကုန်ကျပြီး အထွက်တင်းအနေဖြင့် ယခုနှစ်တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်၍ မြေပဲအထွက်နှုန်းကောင်းကြောင်း၊ တစ်ဧကပျမ်းမျှအထွက်တင်း(၅၅)တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထီးလင်းမြို့နယ်အတွင်း ထွက်ရှိသောမြေပဲများကို ဒေသခံဝယ်လက်များမှတစ်ဆင့် ပခုက္ကူဈေးကွက်သို့ တင်ပို့ရောင်းချခြင်းနှင့် ဒေသတွင်းစားသုံးပြည်သူများကို ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် မြေပဲတစ်ဧကလျှင် ကျပ်(၁၄၀၀၀၀၀)ခန့်အကျိုးအမြတ်ရရှိကြောင်း၊ တူးဖော်ပြီးမြေပဲခင်းကျွတ်များတွင် ရာသီဥတုအနေအထားပေါ်မူတည်ပြီး ပဲယင်းသီးနှံနှင့် ပြည်တွင်းဈေးကွက်ဝင် ဆောင်းမြေပဲသီးနှံတို့ကို သီးထပ်အဖြစ် ထပ်မံစိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News