မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ စလင်းမြို့နယ် ငလင်ပန်းကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ပဲတောင့်ရှည်သီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဧကရီ ၁၁၁ မျိုးကို စိုက်ပျိုးကြပြီး ပဲတောင့်ရှည်မျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် မျိုးစေ့လေးထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက် အစေ့ချ၍ စိုက်ပျိုးရပြီး ရက်ပေါင်း ၂၀ အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါး၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၂၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းပိဿာ ၂၀၀၀-၃၀၀၀ ခန့် ထွက်ရှိကြောင်း၊ အောက်တိုဘာ တတိယပတ်တွင် ပဲတောင့်ရှည် တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၅၀၀-၂၀၀၀ ဖြင့် ရောင်းချရသည့်အတွက် ငွေကျပ် ၁၈၀၀၀၀၀ ခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ မိုးရွာသွန်းမှုများပြားပြီး အထွက်နှုန်း အနည်းငယ်လျော့နည်းသော်လည်း ပဲတောင့်ရှည် သီးနှံပေါ်စအချိန်တွင် ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိ၍ တွက်ခြေကိုက်ကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ