International News

စားသုံးသူအငြင်းပွားမှုများဖြေရှင်းရေး ယန္တရားတစ်ခု ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့ ထူထောင်

Last Updated:

ထိုင်းနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့မှ စားသုံးသူရေးရာကောင်စီတို့အကြား အမှုတွဲ လွှဲပြောင်းပေးမည့် ယန္တရားတစ်ခုအတွက် ထိုင်းနှင့် ဟောင်ကောင်ဒေသတို့အကြား နားလည်မှု စာချွန်တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း The standard သတင်းဌာနမှ “HK, Thailand set up mechanism to settle consumer disputes” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်

အဆိုပါ သဘောတူညီချက်ကြောင့် နှစ်ဖက်အကြား စားသုံးရေးရာ အငြင်းပွားမှုနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များဖလှယ်ခြင်းနှင့် တိုင်းကြားချက်များကို လွှဲပြောင်းခြင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံ သို့ သွားရောက်လည်ပတ်သည့် ဟောင်ကောင်မှခရီးသွားများအနေဖြင့် ထိုင်းကုန်သည်များနှင့် အငြင်းပွားမှုများ ဖြစ်ပွားပါက ဟောင်ကောင်ဒေသ စားသုံးသူ ကောင်စီသို့ တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါလွှဲပြောင်းရေးအစီအစဉ်အရ ဟောင်ကောင်ဒေသနှင့် ထိုင်းတို့အကြား အပြန်အလှန် သွားရောက်သည့် ခရီးသွားများအနေဖြင့် ကြုံတွေ့ရသည့် စားသုံးသူရေးရာ ကိစ္စရပ်များကို မိမိတို့ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ရောက်ရှိချိန်တွင် စားသုံးသူရေးရာကောင်စီများတွင် တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားသူ၏ သဘောတူညီချက်ရယူပြီး နှစ်ဖက်စားသုံးသူရေးရာကောင်စီများ အကြား တိုင်ကြားသည့်ကိစ္စရပ် ဖြေရှင်းဆောင်ရွက်နိုင်ရန် အသေးစိတ်အချက်အလက်များကို ဖလှယ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသမှ ထိုင်းနိုင်ငံသို့ လာရောက်သည့်ခရီးသွားဦးရေ ၈၀၀,၀၀၀ ကျော်ရှိပြီး၊ ကိုဗစ်မတိုင်ခင်ကာလ၏ ၈၀ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာပြီ ကြောင်းနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း၌လည်း ၆၆၀,၀၀၀ ဦးကျော် လာရောက် ခဲ့ကြောင်း ထိုင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်ဟု ရေးသားဖော်ပြ ထားပါသည်။

          ပြီးခဲ့သည့်နှစ်အတွင်း ဟောင်ကောင်ဒေသသို့ လာရောက်သည့် ထိုင်းခရီးသွားဦးရေ ၄၅၀,၀၀၀ ဦးရှိကြောင်း ဟောင်ကောင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်ဟု ရေးသား ဖော်ပြထားပါသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဟောင်ကောင်စားသုံးသူရေးရာ ကောင်စီမှ ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူမှု စုစုပေါင်းတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၆ သန်း ကျော်အတွက် တိုင်ကြားချက် ပေါင်း ၃၃ ခုကျော် လက်ခံရရှိခဲ့ကြောင်း၊ အလားတူ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဟောင်ကောင် ဒေသသို့လာရောက်သည့် ထိုင်းခရီးသွားများမှ စာချုပ်နှင့် ကွဲလွဲမှု သို့မဟုတ် စာချုပ်ရပ်စဲမှုနှင့် ရောင်းချမှုအလေ့အထများနှင့်စပ်လျဉ်း၍ တိုင်ကြားချက် ၆ ခု လက်ခံရရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း ထိုင်းနိုင်ငံ စားသုံးသူရေးရာကောင်စီအနေဖြင့် ဟောင်ကောင် ခရီးသွား များထံမှ တိုင်းကြားချက်တစ်စုံတစ်ရာ လက်ခံရရှိခဲ့ခြင်းမရှိကြောင်း  ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်စားသုံးသူရေးရာကောင်စီအနေဖြင့် ကိုရီးယားစားသုံးသူရေးရာအေဂျင်စီ (၂၀၁၇)၊ ဂျပန်နိုင်ငံ အမျိုးသားစုံးသူရေးရာဗဟိုဌာန (၂၀၁၈) နှင့် စင်ကာပူ စားသုံးသူအသင်း (၂၀၁၉) အပါအဝင် အခြားအာရှနိုင်ငံများနှင့်လည်း အလားတူ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ ပြီးဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။ 

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News