Local News

ပြည်တွင်း၊ ပြည်ပကဝယ်ယူမှုများပြား၍ မန္တလေးဈေးကွက်အတွင်းစားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ပြည်တွင်း၊ ပြည်ပကဝယ်ယူမှုများပြား၍ မန္တလေးဈေးကွက်အတွင်းစားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်နေ ကြောင်း ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ လက်ရှိပြည်တွင်းမှ ထွက်ရှိသည့် စားတော်ပဲများကို ရန်ကုန်၊ လာရှိုးအပါအဝင် မန္တလေးမြို့မှ ကုန်သည်များအနေဖြင့် အဝယ်များပြားလျက်ရှိကြောင်း၊ စားတော်ပဲမှာ ယခင်က အရောင်းအဝယ် အေးနေခဲ့သော်လည်း လက်ရှိတွင် စားတော်ပဲများကို ပြည်တွင်း ဈေးကွက်အပြင် ပြည်ပကပါ ဝယ်ယူ မှုများပြားနေခြင်းကြောင့် အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။ “အခုလတ်တလော ပြည်တွင်းကော ပြည်ပကပါ စားတော်ပဲတွေ အဝယ်လိုက်နေတာကြောင့် မန္တလေးဈေးကွက်ထဲမှာ အရောင်းအဝယ် ကောင်းမွန်နေပါတယ်။ ပြည်ပနိုင်ငံက ဒီထက်ပိုပြီးဝယ်ယူမှုများလာရင်တော့ မန္တလေးဈေးကွက်မှာ အခုထက်ပိုပြီး အရောင်းအဝယ်ကောင်းလာမှာ ဖြစ်ပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း စားတော်ပဲကို ကုန်သည်များဝယ်ယူမှုများပြားလာသည့်အပြင် အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ယနေ့ပေါက်ဈေးအရ စားတော်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀ ဈေးရှိကြောင်း သိရသည်။ “အခုလတ်တလော ပြည်တွင်းဈေးကွက်မှာလဲ စားတော်ပဲအရောင်းအဝယ် ဖြစ်နေတယ်။ ပြည်ပကို တင်ပို့မှုအပြင် ပြည်တွင်းဈေးကွက်ကိုပါ အားထားပြီး လက်လီ၊ လက်ကားရောင်းနေရပါတယ်” ဟု ဦးစက်မောင်ဆွေက ဆက်လက်ပြောပြသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News