Local News

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပခန်းစပါးတင်းရေ ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပခန်းစပါးတင်းရေ ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် စက်တင်ဘာလအတွင်းက ပခန်းစပါးအမျိုးအစားတင်းရေ ၆၀၀၀၀ ထိသာ တင်ပို့ရောင်း ချနိုင်ခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ပခန်းစပါးအမျိုးအစား တင်းရေ ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “မော်လမြိုင်ကျွန်းမြို့နယ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း ပခန်းစပါးတင်းရေ ၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အရင် စက်တင်ဘာလတုန်းက စပါးတင်းရေ ၆၀၀၀၀ ပဲ တင်ပို့ခဲ့ရပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို  တင်ပို့တဲ့ ပခန်းစပါးတွေက အရည်အသွေး တော်တော်ကောင်းမွန်တာကြောင့် ပိုမိုတင်ပို့နေရတာဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ပခန်းစပါးအမျိုးအစားက အကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက် ဝယ်လက်တွေက ဝယ်ယူအားများနေလို့ တင်ပို့အားတက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိစပါးဈေးကလဲ အဆင်ပြေနေပါတယ်။ ပြည်တွင်းဆန်စပါးဈေးကွက်မှာကို ပခန်းစပါးက အဝယ်လိုက်နေတာပါ” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ပခန်းစပါးအမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၉ သိန်း ငါးသောင်းထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် စပါးစိုက်ပျိုးသည့် တောင်သူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး စီးပွားရေးများ ပိုမိုအဆင်ပြေလျက်ရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ဆက်ဆက်ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News