International News

အီတလီနိုင်ငံအခြေစိုက် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ဒူကာတီမော်တာကုမ္ပဏီမှ ထိုင်းနိုင်ငံကို တင်ပို့မှုအချက်အချာနေရာအဖြစ် အသုံးပြုမည်

Last Updated:

အီတလီနိုင်ငံအခြေစိုက် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ဒူကာတီမော်တာကုမ္ပဏီသည် အာရှတိုက်တွင် ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံ၌ဖွင့်လှစ်ခဲ့ပြီး ၎င်းတို့၏ တင်ပို့မှုအချက်အချာနေရာအဖြစ် အသုံးပြုသွားရန် ရည်ရွယ်လျက်ရှိပါသည်။ ဘတ်သန်းလေးရာရင်းနှီးမြှုပ်နှံထားသည့် အဆိုပါစက်ရုံသည် တစ်နှစ်လျှင် မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀၀၀ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် အရည်အသွေးမြင့်မော်တော်ဆိုင်ကယ်များအတွက် အရေးကြီးသောစျေးကွက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အာရှပစိဖိတ်‌ဒေသသို့တင်ပို့ရာ အခြေစိုက်နေရာအဖြစ် ပြုလုပ်သွားရန်အလိုရှိကြောင်း ဒူကာတီမော်တာကုမ္ပဏီ၏ အလုပ်အမှုဆောင်အဖွဲ့အကြီးအကဲ Claudio Domenicali က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဒူကာတီ၏ မော်တော်ဆိုင်ကယ်မော်ဒယ်အမျိုးအစားအားလုံးကို ထိုင်းနိုင်ငံ၊ ရ‌ယောင်ရှိစက်ရုံတွင် ထုတ်လုပ်သွားမည်ဖြစ်ပီး အီတလီနိုင်ငံရှိ မိခင်စက်ရုံမှထုတ်လုပ်သည့် အရည်အသွေးနှင့် အဆင့်အတန်းအတိုင်းရရှိရန် သေချာကြောင်း Claudio Domenicali က ဆက်လက်ပြောကြားခဲ့ပါသည်။

ဒူကာတီ၏ အာရှအပြင်ဘက် အဓိကစျေးကွက်တွင် အီတလီ၊ ဂျာမနီ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည်အဓိကစျေးကွက်ဖြစ်လာနိုင်သော်လည်း နိုင်ငံ၏ စီးပွားရေးနှေးကွေးလာမှုကြောင့် ဒူကာတီမော်တော်ဆိုင်ကယ်များမှာ ဝယ်လိုအားကျဆင်းနိုင်‌ကြောင်းသိရပါသည်။ ဒူကာတီသည် လွန်ခဲ့သည့်နှစ်တွင် မော်တော်ဆိုင်ကယ်အစီး‌ရေ ၅၈၀၀၀ ရောင်းချခဲ့ရပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် မော်တော်ဆိုင်ကယ်အမျိုးအစားပေါင်းစုံ ၂.၁၂ သန်းရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်ထက် ၅၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: International News