Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ရေဘဝဲပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မတ်လတွင် ‌ရေဘဝဲပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်‌ဌေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရေဘဝဲပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ‌‌ရေဘဝဲပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲအသေးလက်ရှည် တစ်ကီလိုလျှင် ငွေကျပ် ၁၉၅၀၀၊ ရေဘဝဲ လက်တို တစ်ကီလိုလျှင် ‌ငွေကျပ် ၁၇၅၀၀ ဈေးပေါက်နေကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရေဘဝဲတွေအပါအဝင် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေထွက်ကုန်တွေထဲမှာ ရေဘဝဲပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ရန်ကုန်ဈေးကွက်က ရေထွက်ကုန်တွေကို အဝယ်လိုက်နေပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့လတ်ဆတ်မှုနဲ့ အရွယ်အစားအလေးချိန်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ ရေဘဝဲတွေကို လတ်တလော ပင်လယ်စာအရောင်းဆိုင်တွေက အဝယ်လိုက်နေတာကြောင့် အခုလိုတင်ပို့အားလဲ တက်လာတာပါ။ တင်ပို့အားတက်တော့ ရေလုပ်ငန်းရှင်တွေနဲ့ အရောင်းအဝယ်သမားတွေက အဓိကအဆင်ပြေတာပေါ့” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြည်ဌေးက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေဘဝဲများအပြင် အခြားရေထွက်ကုန်များ အရောင်းအဝယ်ကောင်း၊ တင်ပို့အားကောင်းလာသည့်အတွက် ‌ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News