International News

ရာသီဥတုခြောက်သွေ့မှုကြောင့် ထိုင်းနိုင်ငံ၏ သကြားထုတ်လုပ်မှု လျော့ကျ

Last Updated:

၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် ကမ္ဘာ့ဈေးကွက်၌ သကြားရောင်းလိုအားကို ထိခိုက်စေနိုင်သော ပြင်းထန်သည့် ရာသီဥတုခြောက်သွေ့မှုကြောင့် ထိုင်းနိုင်ငံ၏ ကြံအထွက်ပမာဏ ကျဆင်းခဲ့ကြောင်း ထိုင်းကြံနှင့်သကြားဘုတ်အဖွဲ့ရုံး (OCSB) မှ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် ဘရာဇီးနိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားတင်ပို့သည့်နိုင်ငံဖြစ်သောကြောင့် ၎င်း၏ သကြား ထုတ်လုပ်မှုကျဆင်းခြင်းသည် ကမ္ဘာ့ဈေးကွက်အပေါ် ဖိအားဖြစ်စေနိုင်ကြောင်း သိရှိရသည်။

ကြံရိတ်သိမ်းမှုသည် ၂၀၂၂-၂၃ ခုနှစ် သီးနှံရာသီတွင် တန်ချိန် ၉၃.၉ သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်၌ တန်ချိန် ၁၁.၇ သန်းလျော့နည်းကျဆင်းခဲ့ကြောင်း ဘုတ်အဖွဲ့ဝင် တောင်သူလယ်သမား ကိုယ်စားလှယ် Verasak Kwanmuang ၏ ပြောကြားချက်အရ သိရသည်။

၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီ၌ တောင်သူများအနေဖြင့် သကြားစက်ရုံများတွင် ကြိတ်ခွဲရန် စုစုပေါင်း ကြံတန်ချိန် ၈၂.၂ သန်း ပေးသွင်းခဲ့ကြောင်း၊ အဆိုပါပမာဏ၌ လတ်ဆတ်သောကြံ ၇၀% ပါဝင်ပြီး ကျန်ရှိသောပမာဏမှာ အပူလောင်ကျွမ်းမှုခံထားရသည့် ကြံများဖြစ်ကြောင်း သိရှိရသည်။ ရာသီဥတုခြောက်သွေ့မှုသည် ထိုင်းနိုင်ငံရှိ ကြံစိုက်ခင်းများ စိုက်ပျိုးမှုအား ထိခိုက်စေသည့် ရေပြတ်လပ်မှုကိုဖြစ်စေကြောင်း Mr Verasak က ပြောကြားခဲ့သည်။

၂၀၂၃-၂၄ သီးနှံရာသီတွင် သကြားစက် ၅၇ ခုမှ သကြားတန်ချိန် ၈.၇၇ သန်းနှင့် တင်လဲရည် ၃.၅၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သကြားအထွက်နှုန်းမှာ ကြံတစ်တန်လျှင် ၁၀၇ ကီလိုဂရမ်ရှိပြီး စီးပွားဖြစ်ကြံ၏ အချိုဓါတ်ပမာဏမှာ ၁၂.၃၅ ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေချိန်တွင် ဘရာဇီးနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကြံရောင်းလိုအားများမြင့်မားလာပြီး သကြားဝယ်လိုအား လျော့ကျလာသည့်နောက် ကမ္ဘာ့သကြားဈေးသည် တစ်ပေါင်လျှင် ၂၅ ဆင့်မှ ၁၉ ဆင့်အထိ ကျဆင်းသွားကြောင်း OCSB ၏ ပြောကြားချက်အရ သိရသည်။ ကမ္ဘာ့စျေးနှုန်း ဆက်လက်ကျဆင်းနေပါက သို့မဟုတ် ယခုအတိုင်း ဈေးနှုန်းနိမ့်ကျမှု ဆက်လက်ဖြစ်ပေါ်နေပါက ၂၀၂၄-၂၅ ခုနှစ် သီးနှံရာသီတွင် တစ်ပေါင်လျှင် ၂၅.၃၁ မှ ၂၇.၃၅ ဆင့်နှုန်းဖြင့် ကနဦးခန့်မှန်းထားသည့် သကြားစျေးနှုန်းများ တွက်ချက်မှုအပေါ် သက်ရောက်ရှိမည်ကို OCSB အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးစျေးနှုန်း ခန့်မှန်းချက်များသည် ပြောင်းလဲနိုင်ကြောင်း၊ အဆိုပါအချက်သည် ပြည်တွင်းသကြားဈေးနှုန်းနှင့် ငွေဖြစ်လွယ်မှုပြဿနာမှ လွတ်ကင်းရန် ကြိုးပမ်းနေရသည့် ကြံရန်ပုံငွေအတွက် ထောက်ပံ့မှုများအား ထိခိုက်စေမည်ဖြစ်ကြောင်း၊ သကြားစက်ရုံပိုင်ရှင်များအနေဖြင့်လည်း အကျိုးသက်ရောက်မှုများရှိနိုင်ကြောင်း Mr Verasakမှ ပြောကြားခဲ့သည်။

ဈေးနှုန်းမြင့်တက်လာသောကြောင့် တောင်သူများအနေဖြင့် ပီလောပီနံမှ ကြံသီးနှံသို့ ပြောင်းလဲစိုက်ပျိုးလာနိုင်ဖွယ်ရှိသည့်အတွက် ၂၀၂၄-၂၅ သီးနှံရာသီတွင် ကြံထုတ်လုပ်မှု မြင့်တက်လာနိုင်ကြောင်း OCSB က မျှော်မှန်းထားသည်။

Source: Bangkok Post, 22 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News