International News

တရုတ်နိုင်ငံဈေးကွက်သို့ ကမ္ဘောဒီးယားနိုင်ငံမှ အုန်းသီးစိမ်း ပထမဆုံးအကြိမ် စတင်တင်ပို့

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်အတွင်း လတ်ဆတ်သော အုန်းသီးတင်ပို့မှု ပထမအသုတ်အဖြစ် တရုတ်နိုင်ငံသို့ တရားဝင် အုန်းသီးစိမ်းတင်ပို့ခြင်း အခမ်းအနားကို ၂၂-၄-၂၀၂၄ နေ့တွင် ဖနွမ်းပင်မြို့၌ ကျင်းပခဲ့ရာ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Sun Chanthol နှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး၀န်ကြီး Wang Yi တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

လတ်ဆတ်သော အုန်းသီးစိမ်းများကို ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ပိုးမွှားကင်းရှင်းမှု လိုအပ်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်ကို ယခင်နှစ် စက်တင်ဘာလတွင် ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အုန်းခြံ ၁၃ ခြံနှင့် အုန်းသီးထုတ်လုပ်သည့် စက်ရုံ ၅ ရုံတို့သည် တရုတ်နိုင်ငံသို့ တိုက်ရိုက် အုန်းသီးစိမ်းတင်ပို့ခွင့်ရရှိထားကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Im Rachana က ပြောဆိုသည်။ တရုတ်နိုင်ငံ အကောက်ခွန် အုပ်ချုပ်ရေးဌာနတွင် မှတ်ပုံတင်ထားသော အုန်းစိုက်ခင်းများနှင့် ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ လတ်ဆတ်သော အုန်းသီးများကို တရုတ်ဈေးကွက်သို့ တင်ပို့ရန်အတွက် ပြင်ဆင်နေပြီး ပထမအကျော့ကို ယခုနှစ်အတွင်း တင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း Rachna က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ စုစုပေါင်း အုန်းစိုက်ပျိုးဧရိယာ ၁၉၉၉၈ ဟက်တာရှိပြီး ၎င်းအနက် ၁၄၂၂၅ ဟက်တာ သို့မဟုတ် ၇၁% မှ ခူးဆွတ်ရိတ်သိမ်းမှုရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အုန်းသီးထုတ်လုပ်မှုသည် ၂.၄% မြင့်တက်လျက် ၂၅၈၉၃၅ တန်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ အုန်းသီးကို နိုင်ငံအနောက် တောင်ပိုင်းတွင် ရှေးယခင်ကတည်းက စိုက်ပျိုးကြကြောင်း၊ အုန်းသီးအများစုသည် Kampot၊ Kep၊ Takeo၊ Preah Sihanouk၊ Koh Kong နှင့် Kampong Speu ပြည်နယ်များမှ ထွက်ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အုန်းသီးမွှေးစိုက်ပျိုးရေး သမဝါယမအသင်းမှ ဥက္ကဋ္ဌ Suong Noy က အဆိုပါ တရုတ်နိုင်ငံသို့ အုန်းသီးများ တင်ပို့နိုင်ခြင်းသည် တောင်သူများအား စီးပွားရေးအရ အထောက်အကူဖြစ်စေပြီး အုန်းစိုက်ခင်းများ ပိုမိုတိုးချဲ့နိုင်ရန်အတွက် တောင်သူများအတွက် အားတက်စေနိုင်သည်ဟု ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်၌ လေ့လာဆန်းစစ်မှုတစ်ခုအရ ကမ္ဘော ဒီးယားရှိ အုန်းသီးကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး အဆိုပါကဏ္ဍမှ အကျိုးအမြတ်ရရှိခံစားရခြင်း မရှိသေးကြောင်း သိရှိရသည်။

Source: Khmer Times, 23 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News