Local News

ရေဘဝဲပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့‌ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလတွင် ရေဘဝဲပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်းက ရေဘဝဲပိဿာချိန် ၅၃၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရေဘဝဲပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကနေ ရေဘဝဲတွေအပါအဝင် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေထွက်ကုန်တွေထဲမှာ ရေဘဝဲပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိရန်ကုန်ဈေးကွက်က ရေထွက်ကုန်တွေ အဝယ်လိုက်နေပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့ လတ်ဆတ်မှုနဲ့ အရွယ်အစားအလေးချိန်အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ ရေဘဝဲတွေကို လတ်တလောပင်လယ်စာအ‌ရောင်းဆိုင်တွေက အဝယ်လိုက်နေတာကြောင့် အခုလိုတင်ပို့အားလဲ တက်လာတာပါ” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းက ပြောပြသည်။

ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲအသေး လက်ရှည်တစ်ကီလိုလျှင် ငွေကျပ် ၂၀၅၀၀၊ ရေဘဝဲ  လက်တိုတစ်ကီလိုလျှင် ငွေကျပ် ၁၉၅၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများအပြင် အခြားရေထွက်ကုန်များ အ‌ရောင်းအဝယ်ကောင်း၊ တင်ပို့အားကောင်းလာသည့်အတွက် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင်အရောင်းအဝယ်လုပ်ကိုင်သူများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News