Local News

စိန်တလုံးသရက်သီးဈေးကောင်းရသော်လည်း ပြည်ပသို့ တင်ပို့နိုင်မှု လျော့ကျနေ

Last Updated:

ယခုနှစ်သရက်သီးရာသီတွင် အရည်အသွေးကောင်းသရက်သီး ထွက်ရှိမှုလျော့ကျတာကြောင့် ဈေးကောင်းရရှိသော်လည်း ပြည်ပသို့တင်ပို့နိုင်မှုလျော့ကျကြောင်း သရက်သီး တင်ပို့သူများထံက သိရသည်။ ယခုနှစ်သရက်ရာသီတွင် ပြည်တွင်းသရက်သီးထွက်ရှိမှု လျော့ကျသလို ရာသီဥတုပူပြင်းတာကြောင့်လည်း အသီးအရွယ်ကြီးထွားမှုနည်းတာကြောင့်လည်း ပို့ကုန်အရည်အသွေးကောင်း သရက်သီးတင်ပို့နိုင်မှုလျော့ကျ နေခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က ပြည်ပသို့ စိန်တလုံးသရက်သီး တန်ချိန် ၅၀ ကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန်  ၂၀ ကျော်သာ တင်ပို့နိုင်ကြောင်း ပြည်တွင်းဈေးကွက်မှာလည်း တန်ချိန် ၁၅ တန်ခန့် သာရောင်းချနိုင်ခဲ့ကြောင်း သဇင်နွယ်သရက်ခြံမှ ခြံမန်နေဂျာ ဦးဌေးအောင်က ပြောသည်။

"ဒီနှစ်က အသီးကောင်းရှားတာရယ်ပြည်ပတင်တော့သင်္ဘော နောက်ကျတာတွေရှိတော့ မနှစ်ကထက် တင်ပို့မှုလျော့ကျပါတယ်။ ပြည်တွင်းဈေးမှာတော့ အသီးရှားတော့ မနှစ်ကထက် ဈေးကောင်း ရကြပါတယ်။ မနှစ်က ပြည်ပကို တန်ချိန် ၅၀ လောက်ပို့နိုင်ခဲ့ ပါတယ်။ ဒီနှစ်တော့ တန်ချိန် ၂၀ ကျော်လောက်သာပို့နိုင်တယ်" ဟု ၎င်းက ပြောသည်။ ပြည်ပသို့ စိန်တလုံးသရက်သီးတင်ပို့မှုကို သင်္ဘောတင်နှင့် လေကြောင်းလိုင်းများမှ တင်ပို့ မှုရှိသလို နယ်စပ်ကုန်သွယ်မှုမှ တင်ပို့မှုမှာလည်း သယ်ယူစရိတ်မြင့်မားတာကြောင့် တင်ပို့မှုလျော့နေခြင်းဖြစ်သည်။သို့သော်လည်း သရက်သီးအထွက်နှုန်းကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက်မှာ ၁၆ ကီလို တစ်ခြင်းလျှင် ငွေကျပ် ၄၅၀၀၀မှ -၅၀၀၀၀ ထိဈေးကောင်းရရှိနေ ခြင်းဖြစ်သည်။

Source: မကွေးဂျာနယ်

Category: Local News