International News

ကာဗွန်မဲ့လောင်စာဆီ အသုံးပြုနိုင်ရေးအတွက် Toyota နှင့် မိတ်ဖက်ကုမ္ပဏီများပူးပေါင်း၍ လေ့လာမှုများပြုလုပ်သွားမည်

Last Updated:

Toyota ၊ Mitsubishi Heavy Industries နှင့် ရေနံကုမ္ပဏီများဖြစ်သည့် Idemitsu Kosan နှင့် Eneos တို့အနေဖြင့် မော်တော်ယာဉ်များတွင် ကာဗွန်မဲ့လောင်စာဆီများသုံးစွဲနိုင်ရေးနှင့် အသုံးပြုမှုမြှင့်တင်နိုင်ရေးတို့အတွက် ပူးတွဲလေ့လာမှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် ကာဗွန်မဲ့လောင်စာဆီကို ၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်မိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီးပွားဖြစ်အမြောက်အများထုတ်လုပ်နိုင်ရေးအတွက်လည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် E-fuels(သို့မဟုတ်)ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် သန့်စင်ထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ဟိုက်ဒရိုဂျင်တို့မှ ထုတ်လုပ်သည့် ဓာတုလောင်စာဆီနှင့် အပင်အခြေပြုဇီဝလောင်စာများ သုံးစွဲနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ထုတ်လုပ်ထားသည့် ကာဗွန်မဲ့လောင်စာဆီများကို ထည့်သွင်းအသုံးပြုနိုင်မည့် အင်ဂျင်များလည်း Toyota အနေဖြင့် ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာဗွန်မဲ့လောင်စာဆီများကို လက်ရှိအသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်များ၏ အင်ဂျင်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်မည့် အလားအလာများရှိကြောင်း၊ ကာဗွန်မဲ့လောင်စာဆီများသည် ဓာတ်ဆီကဲ့သို့ပင် လောင်စာဆီဖြည့်သွင်းချိန်တိုတောင်းကြောင်းနှင့် လျှပ်စစ်ယာဉ်များမှာမူ အချိန်ယူ၍ အားသွင်းရန်လိုအပ်ကြောင်း၊ ထို့ကြောင့် Toyota အနေဖြင့် မော်တော်ယာဉ်များမှ ကာဗွန်ထွက်ရှိမှုလျှော့ချနိုင်ရေးအတွက် ကာဗွန်မဲ့လောင်စာဆီများအသုံးပြုနိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Japan Times (၂၈-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျို့မြို့)

Category: International News