ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးမြွေထိုးများ ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူအောင်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ငါးမြွေထိုးများကို ဝယ်ယူပြီး စနစ်တကျထုတ်ပိုးကာ တင်ပို့ရောင်းချနေကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ငါးမြွေထိုးပိဿာချိန် ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ ငါးမြွေထိုးပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ငါးမြွေထိုးတွေကို မော်လမြိုင်ကျွန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို လစဉ်တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ငါးမြွေထိုး ပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ငါးမြွေထိုးတွေမှာယူမှုများလာလို့ ဝယ်လိုအား ကောင်းခဲ့တာပါ။ ငါးမြွေထိုးတွေ တင်ပို့အားကောင်းလာတော့ ရေထွက်ကုန်လုပ်ငန်းနဲ့ ဆက်စပ်သူတွေ အဆင်ပြေလာတာတွေ့ရပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူအောင်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးမြွေထိုးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသမှ ငါးမြွေထိုးများ ပိုမိုတင်ပို့ရောင်းချလာရခြင်းကြောင့် ရေလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ