Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း အသားစားကြက် ပိဿာချိန်အများအပြား ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း အသားစားကြက် ပိဿာချိန်အများအပြား ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက မွေးမြူရေးအသားစား ကြက်ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ မွေးမြူရေးအသားစားကြက်ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်မွေးမြူရေးအသားစားကြက်များကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဘိုကလေးမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို မွေးမြူရေးအသားစားကြက်တွေ အကောင်လိုက်အရှင်ကို ပိဿာချိန်နဲ့ တင်ပို့ရောင်းချနေပါတယ်။ ဒီလိုတင်ပို့ရောင်းချတဲ့နေရာမှာ တစ်လအတွင်း မွေးမြူရေးအသားစားကြက်ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ မွေးမြူရေးအသားစားကြက်တွေအရောင်းအဝယ်ကောင်းလာတာကြောင့် မွေးမြူတဲ့သူတွေကတော့ အဓိကအဆင်ပြေတာတွေ့ရပါတယ်” ဟု ဘိုကလေးမြို့နယ် မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ မွေးမြူထွက်ရှိလာသည့် မွေးမြူရေးကြက်သားများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါမွေးမြူရေးကြက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချသည့်အား တက်လာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ကားသမားများ အဆင်ပြေနေကြောင်း ဘိုကလေးမြို့နယ်မှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News