ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက် စပါးများကို ဝယ်ယူကာ ကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဟင်္သာတမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပေါ်ဆန်းဆန် ၂၄ ပြည်ပါ အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒီဘက်က ဆန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်” ဟု ဟင်္သာတမြို့နယ်ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်များကို အဆက်မပြတ်တင်ပို့ရောင်းချနေရခြင်းကြောင့် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သာသးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေ လျက်ရှိကြောင်း၊ ဟင်္သာတမြို့နယ်ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်ထံမှ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ