Local News

တောင်သူများစျေးကောင်းရတဲ့ပဲစင်းငုံ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်တို့တွင် ပဲမျိုးစုံ၊ နှမ်းနှင့် စားဖိုဆောင်သုံး သီးနှံများ အများအပြားဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မေလနောက်ဆုံးပတ်တွင် အဓိကပို့ကုန်ပဲဖြစ်သည့် ပဲစင်းငုံစျေးမှာ အိန္ဒိယဝယ်လိုအားကြောင့် စံချိန်တင်မြင့်တက်နေပါသည်။ အိန္ဒိယနိုင်ငံတွင် ရာသီဥတုအခြေအနေအရ သီးနှံများအထွက်နှုန်း လျော့နည်းနေသည့် အတွက် ပဲများကိုအခြားနိုင်ငံများမှ ဝယ်ယူလျက်ရှိရာ မြန်မာနိုင်ငံမှ ပဲစင်းငုံနှင့်မတ်ပဲကိုလည်းဝယ်ယူနေသည့် နိုင်ငံများဖြစ်ပါသည်။  
မေလပထမပတ်တွင် ပဲစင်းငုံ(နီ)၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၁၂၉၀၀၀)၊ ဒုတိယပတ် တွင် ပဲစင်းငုံ(နီ)၂၀ ပိဿာတစ်တင်း ကျပ်(၁၃၅၆၀၀)၊ တတိယပတ်တွင် ပဲစင်းငုံ(နီ) ၂၀ ပိဿာ တစ်တင်း ကျပ် (၁၃၇၀၀၀)၊ နောက်ဆုံးပတ်တွင် ပဲစင်းငုံ(နီ)၂၀ပိဿာတစ်တင်း ကျပ် (၁၄၂၄၀၀) စျေးအထိ မြင့်တက်လာခဲ့ပြီး ယခင်နှစ် မေလတွင် ပဲစင်းငုံ(နီ)၂၀ပိဿာတစ်တင်း ကျပ် (၉၃၁၀၀) စျေးသာ ရရှိခဲ့သည့်အတွက် ယခုနှစ်မေလနှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံတစ်တင်း ကျပ်(၄၉၃၀၀)အထိ စျေးပိုမိုရရှိခဲ့သောကြောင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အဆင်ပြေသည့်နှစ်လည်းဖြစ်ပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News