မွန်ပြည်နယ် ချောင်းဆုံမြို့နယ်သည် တောင်ကုန်းတောင်တန်းများသည့် ကျွန်းမြို့နယ်ဖြစ်ပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ချောင်းဆုံမြို့နယ် ချောင်းဆုံခြံတန်းကျေးရွာ၌ ပိန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။ မျိုးအနေဖြင့် ဗမာမျိုးပိန်းဥပင်ကို ဧပြီလ တွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလကုန်တွင် ပိန်းဥများကို တူးဖော်ရောင်းချကြကြောင်း၊ တစ်ဧကလျှင် နှစ်တန်းစိုက်သည့်စနစ်ဖြင့် စိုက်ပျိုးရာ မျိုးတက် ၂၀၀ ကျော် ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးစဉ်မှ ပိန်းဥထွက်ရှိ ရောင်းချချိန်အထိ အပင်သက်တမ်းမှာ ငါးလခွဲမှ ခြောက်လခန့် ကြာမြင့်ပြီး တစ်ဧက ပိဿာ ၇၅၀ ထွက်ရှိကြောင်း၊ ပိန်းဥပင် စိုက်ပျိုးရာတွင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ကျပ်သိန်း ၂၀ ခန့်ကုန်ကျကာ ပိန်းဥ တစ်ပိဿာလျှင် လက်ကားဈေးနှုန်းငွေကျပ် ၆၀၀၀၊ လက်လီဈေးနှုန်းငွေကျပ် ၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းကျော် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ချောင်းဆုံမြို့နယ်ဒေသများအပြင် မော်လမြိုင်မြို့ပေါ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပိန်းဥဈေးကွက်သည် နှစ်စဉ်ဈေးနှုန်းကောင်းမွန်သည့်အတွက် တောင်သူများ ပိုမိုစိုက်ပျိုးလျက်ရှိကာ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ