မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ ကျေးရွာများတွင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နေကြာနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဝါသီးနှံဧက ၂၃၂၇၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ဝါသီးနှံကို ဇူလိုင်လကုန် တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း၊ မျိုးများအနေဖြင့် ရွှေတောင် ၁၀၊ RAKA၊ TBL195၊ B31 မျိုးများကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ ခုနှစ်ပိဿာခန့် ကုန်ကျကာ စိုက်ပျိုးမှုအတွက် ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်ပျိုးစရိတ်၊ သွင်းအားစုအပါအဝင် စုစုပေါင်းငွေကျပ် ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၂၅၀ မှ ၃၅၀ အထိထွက်ရှိပြီး ဝါတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ဧကလျှင် ငွေကျပ် ခြောက်သိန်းကျော်အမြတ်ရရှိကြောင်း၊ ယခုနှစ် အောက်တိုဘာလ စတုတ္ထပတ်တွင် ဝါတစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀-၃၄၀၀၊ ဝါဂွမ်း တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၈၅၀၀-၉၀၀၀၊ ဝါစေ့ပိဿာလျှင် ငွေကျပ် ၁၄၀၀-၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံနှင့် ပုဂ္ဂလိကအထည်စက်ရုံ များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံပင်များ အသီးအပွင့်များ ပွင့်ဖူးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရာသီဥတုကောင်းမွန်၍ အထွက်နှုန်းကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ