မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ကုလားပဲနှင့် မြေထောက်ပဲ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့် ကုန်စည်များထဲတွင် ကုလားပဲနှင့် မြေထောက်ပဲအမျိုးအစားမှာ ပြည် တွင်းဈေးကွက်အတွင်း ယခင်လက အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလက်ရှိ တွင် ကုလားပဲနှင့်မြေထောက်ပဲအမျိုးအစားများကို ကုန်သည်များဝယ်ယူမှုပြန်လည်များပြားလာပြီး အရောင်းအဝယ် မှာလည်း ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရသည်။ “မန္တလေးကုန်စည်ဒိုင်မှာတော့ ကုလားပဲနဲ့ မြေထောက်ပဲတွေ အရောင်းအဝယ် ပြန်ဖြစ်နေတဲ့အပြင် တခြား ပြောင်း၊ ဂျုံ၊ တရုတ်ပဲကြီး စတဲ့ကုန်စည်တွေလဲ ဈေးကွက်ထဲမှာ အရောင်းအဝယ် ပြန်ပြီးကောင်းနေတယ်။ ကျန်တဲ့ ပဲတီစိမ်း၊ စတဲ့ကုန်စည်တွေကတော့ ပုံမှန်အတိုင်းပဲ အရောင်းအဝယ် ဖြစ်နေပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ကုလားပဲ V2 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ကုလားပဲ V7 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ ကုလားပဲ TW သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ကုလားပဲ 929 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၃၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ အလားတူ ပဲ၊ နှမ်းဈေးကွက် အနေအထားအရ မြေထောက်ပဲ မှာလည်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိပြီး ယနေ့ပေါက်ဈေးအရ မြေထောက်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၂၉၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းနက်(စမုံ)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀၀၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ