ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဒေသထွက်ပီလောပီနံဥများ ဝယ်ယူမှုများပြားပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပန်းတနော်မြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ ပန်းတနော်မြို့နယ်တွင် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ ဒေသထွက်ပီလော ပီနံဥများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသတွင် ပီလောပီနံဥများ ထွက်ရှိနေချိန်ဖြစ်ပြီး ပီလောပီနံ ဥ တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ပီလောပီနံဥတွေ အရောင်းအဝယ်ကောင်းနေ ပါတယ်။ ဒီဘက်ဒေသမှာတော့ တောင်သူတွေက ပီလောပီနံဥ အမျိုးအစားနှစ်မျိုးလုံးကို စိုက်ပျိုးတာတွေ့ရပါတယ်။ လက်ရှိတောင်သူတွေ စိုက်ထားတဲ့ ပီလောပီနံဥတွေ စတင်ထွက်ရှိနေတဲ့အချိန် ဖြစ်ပါတယ်။ အခုလို ပီလောပီနံဥတွေ ထွက်ရှိနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပီလောပီနံစိုက်တဲ့ တောင်သူတွေ အဆင်ပြေလာပါတယ်။ ပန်း တနော်မြို့နယ်ကနေ ထွက်ရှိတဲ့ ပီလောပီနံဥတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကိုပါ တင်ပို့ရောင်းချနေ ပါတယ်။ ဒေသကထွက်ရှိတဲ့ ပီလောပီနံဥတွေကို ရန်ကုန်ဈေးကွက်ကလဲ ဝယ်ယူမှုတွေရှိပါတယ်” ဟု ပန်းတနော်မြို့ နယ် လယ်ယာထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ ပန်းတနော်မြို့နယ်တွင် တောင်သူများအနေဖြင့် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲပြီး ပီလောပီနံဥ အပါအဝင်အခြား ရာသီပေါ်သီးနှံများကို လည်း စိုက်ပျိုးလျက်ရှိကြောင်း၊ အဆိုပါ ပီလောပီနံဥကို တောင်သူတစ်ဦးလျှင် တစ်ဧကမှ ငါးဧက စိုက်ပျိုးကြကြောင်း၊ ပီလောပီနံဥ တစ်ဧကလျှင် လက်ရှိတွင် အထွေထွေစိုက်ပျိုးစရိတ် ငွေကျပ် ၃၇၀၀၀၀ ထိ ကုန်ကျစရိတ်ရှိပြီး အကျိုးအ မြတ်အနေဖြင့် အဆိုပါ ပီလောပီနံဥများ အပျက်အစီး အလေအလွင့်မရှိပါက ငွေကျပ် ၉၀၀၀၀၀ ခန့်ထိ ရရှိကြောင်း ပန်းတနော်မြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းထံမှ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ