ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိရာ နတ်ပုတီးကျေးရွာတွင် ငရုတ်သီးကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး စုစုပေါင်း ငါးဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ငရုတ်သီးကို ဩဂုတ်နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် ကျောက်စိမ်း မျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်ရေ ၁၆၀၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ကြဲပက်စနစ် ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင် ငွေကျပ် ၁၇ သိန်းခန့် ကုန်ကျကြောင်း၊ ငရုတ်သီးကို စတင်ထွက်ရှိသည့် အချိန်မှစ၍ တစ်ပတ်လျှင် တစ်ကြိမ် ခူးဆွတ်ရပြီး နှစ်လခွဲခန့် အကြာထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၆၀၀-၁၀၀၀ ခန့်အထိ ထွက်ရှိကာ တစ်ပိဿာလျှင် ကျပ် ၆၀၀၀-၆၅၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၂၂ သိန်းခန့်အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဝက်ပုတ်မြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ လျက်ရှိပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးတို့သို့ တင်ပို့လျက်ရှိကြောင်း၊ ယခုနှစ်တွင် ငရုတ်သီး ဈေးနှုန်းကောင်းမွန်လျက်ရှိသောကြောင့် ငရုတ်စိုက်တောင်သူများ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ