ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ရေဘဝဲ ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ရေဘဝဲ ပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ရေဘဝဲ ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။ “ဒေသထွက် ရေထွက်ကုန် တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်က ဒီဘက်ကနေ တင်ပို့တဲ့ ရေထွက်ကုန်တွေရဲ့ အဓိကဈေးကွက်ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရေဘဝဲ ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ တင်ပို့ ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့ လတ်ဆက်မှုနဲ့ အရွယ်အစားအလေးချိန်အပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ လက်ရှိ ဒီဇင်ဘာလထဲမှာလဲ ရေဘဝဲတွေ အဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေ တင်ပို့တဲ့ ရေဘဝဲတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြသည်။ လပွတ္တာ မြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲလက်ရှည်တစ်ကီလိုလျှင် ငွေကျပ် ၂၇၀၀၀၊ ရေဘဝဲလက်တို တစ်ကီလိုလျှင် ငွေကျပ် ၂၄၅၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများအပြင် အခြားရေထွက်ကုန်များ တင်ပို့အားကောင်း လာသည့်အတွက် ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်နေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ